ဆွစ်ဇာလန်ရဲ ဗလီကို ၀င်စီးပြီး တရားဟောဆရာအပါအ၀င် လူအများအပြားကို ဖမ်းဆီး


နိရဉ္စရာ၊ နိုဝင်ဘာ ၃

ဆွစ်ဇာလန်ရဲတပ်ဖွဲ့သည် နိုင်ငံ မြောက်ပိုင်းမြို့တစ်ခုရှိ ဗလီတစ်လုံးကို ဗုဒ္ဓဟူးနေ့က ၀င်ရောက်စီးနှင်းပြီး အီမန် (Imam) ဟုခေါ်ဆိုသော အီသီယိုပီးယား ဘာသာရေး ခေါင်းဆောင် တရားဟော ဆရာ အပါအ၀င် လူ ၈ ဦးကို ဖမ်းဆီးလိုက်သည်။

၎င်းအီမန်သည် ဘုရားဝတ်ပြုရန် ငြင်းဆိုသည့် မွတ်လင်များကို သတ်ဖြတ်ရန် တောင်းဆိုသဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ဆွစ်အစိုးရ ရှေ့နေက ပြောသည်။

ဆွစ်ရဲတပ်ဖွဲ့ နိုင်ငံ မြောက်ပိုင်း Winterthur မြို့ရှိ An Nur ဗလီကို နံနက်ပိုင်း ၀င်ရောက်စီးနှင်းပြီး ရှာဖွေ ဖမ်းဆီးစဉ် အီမန် တရားဟောဆရာနှင့် ရဲက အလိုရှိနေသူ သုံးဦး၊ တစ်ခြား အထောက်အထားမဲ့ အသက် ၂၃ နှစ်မှ ၃၅ နှစ်ကြားရှိ အယ်လ်ဂျီးယားနှင့် တူနီးရှား နိုင်ငံသား လေးဦးကိုလည်း ဗလီထဲမှ ဖမ်းမိသည်ဟု သတင်းတွင် ဖော်ပြသည်။

အီသီယိုပီးယား တရားဟောဆရာသည် အောက်တိုဘာလ ၂၁ ရက်နေ့က ပြုလုပ်သော တရားပွဲ တစ်ခုတွင် ပုံမှန် ဗလီတက် ၀တ်ပြုရန် ငြင်းဆိုသူ အစ္စလာမ်ဘာသာဝင်များကို သတ်ဖြတ်ရန် ဆော်သြခဲ့သည်ဟု ဆိုသည်။

ဆွစ်ဇာလန် ထောက်လှမ်းရေး အဖွဲ့၏ ထုတ်ဖော်ပြောကြားချက်အရ ၂၀၀၁ ခုနှစ်မှ စပြီး ဆွစ်ဇာလန်ကို စွန့်ခွာပြီး ဂျီဟတ်စစ်ပွဲဆင်နွဲရန် ဆီးရီးယား၊ အီရန် စသော နိုင်ငံများသို့ ထွက်ခွာသွားသူ ၇၇ ဦး ရှိခဲ့ကြောင်း၊ ထိုအထဲမှ ၂၁ ဦးမှာ သေဆုံးပုံရခဲ့ပြီး ကျန်လူများမှာ တိုက်ပွဲဇုန်များတွင် (သို့မဟုတ်) ဆွစ်ဇာလန်နိုင်သို့ ပြန်လာကြပုံရသည်ဟု သိရသည်။

ဆွစ်ဇာလန်နိုင်ငံသည် များမကြာမီနှစ်များအတွင်းက ဥရောပတွင် အစွန်းရောက်အဖွဲ့များ၏ တိုက်ခိုက်ခံရပြီးနောက် သတိရှိလာခဲ့ပြီး ထိန်းချုပ်မှုကို မြင့်တင်လိုက်ကာ အကြမ်းဖက်မှုများကို ဖန်တီးမည့် ဘာသာရေး အစွန်းရောက်များကိုလည်း ပိုစောင့်ကြည့်လာသည်ဟု သိရသည်။

Source : AP (Swiss police raid mosque, detain imam and several others)
Narinjara
https://www.facebook.com/Narinjara
ဆွစ်ဇာလန်ရဲ ဗလီကို ၀င်စီးပြီး တရားဟောဆရာအပါအ၀င် လူအများအပြားကို ဖမ်းဆီး  ဆွစ်ဇာလန်ရဲ ဗလီကို ၀င်စီးပြီး တရားဟောဆရာအပါအ၀င် လူအများအပြားကို ဖမ်းဆီး Reviewed by THITHTOOLWIN on 09:56 Rating: 5
Powered by Blogger.