တရုတ်နိုင်ငံဘက် လက်နက်ကြီးကျည် ၁၃ လုံး ကျရောက် ပေါက်ကွဲ


တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ၀မ်တိန်နှင့်မန်ဟိုင်းဒေသအတွင်း မြန်မာနိုင်ငံဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် တရုတ်နိုင်ငံဘက်မှ အကြောင်းကြားစာ ပေးပို့လာခြင်းနှင့်ပတ်သက်၍ စိစစ်သတင်းထုတ်ပြန်ခြင်း

နေပြည်တော် ၊ နိုဝင်ဘာ ၂၃

၂၀၁၆ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ၀မ်တိန်နှင့် မန်ဟိုင်းဒေသအတွင်းသို့ မြန်မာနိုင်ငံဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ၀မ်တိန်ဘက်သို့ ၁၁ လုံး၊ မန်ဟိုင်းဘက်သို့ ၂ လုံး၊ စုစုပေါင်း ၁၃ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိုသို့ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် တရုတ်ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံဘက်မှ ပြည်သူ ၁၀၀၀ ကျော်ခန့်လည်း ၀မ်တိန်နှင့်မန်ဟိုင်းဘက်သို့ ရောက်ရှိနေကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ တယ်ဟုန်တိုင်း အခြေချနယ်စပ် ကာကွယ်ရေးတပ်ဖွဲ့မှ အကြောင်းကြားစာ ပေးပို့လာခဲ့ပါသည်။

တရုတ်နိုင်ငံဘက်မှ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည်ဟု အကြောင်းကြားစာပေးပို့လာသည့် ၀မ်တိန်ဒေသသည် မြန်မာနိုင်ငံ၊ ကြူကုတ်(ပန်ဆိုင်း)မြို့နှင့်လည်းကောင်း၊ မန်ဟိုင်းဒေသသည် မြန်မာနိုင်ငံ၊ မုံးကိုးမြို့နှင့်လည်းကောင်း နယ်နိမိတ်ချင်းထိစပ်နေသော နေရာများဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကြူကုတ်(ပန်ဆိုင်း)နှင့် မုံးကိုးမြို့များတွင် နှစ်နိုင်ငံနယ်စပ် သဘောတူညီချက်ပါ အကွာအဝေးအတိုင်း မြန်မာ-တရုတ်နယ်စပ်ကပ်လျက် မိမိတပ်နှင့်ရဲစခန်းများ ထားရှိလုံခြုံရေးဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၀ ရက်တွင် စခန်းအသီးသီးသို့ KIA နှင့် MNDAA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး/ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှု သတင်းကိုလည်း နိုဝင်ဘာ ၂၁ ရက်နေ့သတင်း၌ ဖော်ပြပြီးဖြစ်ပါသည်။


တရုတ်နိုင်ငံအတွင်းသို့ ကျည်ကျရောက်ပေါက်ကွဲမှုအား စီစစ်ချက်အရ တပ်နှင့်ရဲစခန်းနေရာများသို့ အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် အရှေ့တောင်ဘက်၊ တောင်ဘက်နှင့် အနောက်တောင်ဘက်တို့မှ အနောက်မြောက်ဘက်၊ မြောက်ဘက်နှင့်အရှေ့မြောက်ဘက်သို့ ဦးတည်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး မိမိလုံခြုံရေးစစ်သည်များက တောင်ဘက်၊ အရှေ့တောင်ဘက်နှင့် အနောက်တောင်ဘက် အကြမ်းဖက် သောင်းကျန်းသူများ ရှိသည့်နေရာများသို့ ဦးတည်ပြန်လည်ပစ်ခတ်ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်၍ ပစ်ခတ်တိုက်ခိုက်မှု ဦးတည်ချက်များအရ ၀မ်တိန်ဒေသနှင့်မန်ဟိုင်းဒေသ လက်နက်ကြီးကျည် ၁၃ လုံး ကျရောက်ပေါက်ကွဲခြင်းမှာ KIA နှင့် MNDAA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များ၏ နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

စစ်ဆေးတွေ့ရှိချက်များအား တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ တယ်ဟုန်တိုင်း အခြေချနယ်စပ် ကာကွယ်ရေးတပ်ဖွဲ့သို့ မြန်မာ့တပ်မတော် နယ်စပ်ဒေသကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ခေါင်းဆောင် မှတဆင့် ပေးပို့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
တရုတ်နိုင်ငံဘက် လက်နက်ကြီးကျည် ၁၃ လုံး ကျရောက် ပေါက်ကွဲ  တရုတ်နိုင်ငံဘက် လက်နက်ကြီးကျည် ၁၃ လုံး ကျရောက် ပေါက်ကွဲ Reviewed by THITHTOOLWIN on 22:50 Rating: 5
Powered by Blogger.