နိရဉ္စရာ၊ နိုဝင်ဘာ ၆
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မုန်တိုင်းကြောင့် ငါးဖမ်းလှေများ၊ သာမန် စက်လှေများ၊ လူတင် မော်တော်ဘုတ်များကို ပင်လယ်ပြင်သို့ မထွက်ကြရန် သက်ဆိုင်ရာမှ နှိုးဆော် သတိပေးထားသည်ဟု သတင်းရရှိသည်။
မာန်အောင် ဒေသခံ ကိုမောင်မောင်ကြီးက “ မြို့နယ် အာဏာပိုင်တွေက ပင်လယ်ပြင်ကို မထွက်ကြဖို့ သတိပေးထားပါတယ်။ လွန်ခဲ့တဲ့ တစ်ရက် နှစ်ရက်ကတည်းက မြို့ကို ပတ်ပြီး ကျေညာထားပါတယ်။ ဒီကနေ့ မာန်အောင်မြို့နယ်ရဲ့ အခြေအနေက မိုးရွာ လေနည်းနည်းတိုက်တာက လွဲပြီး အေးအေးဆေးဆေးပါ” ဟုနိရဉ္စရာသို့ပြောသည်။
ယနေ့ မာန်အောင်မြို့တွင် မိုးဖွေးဖွေးရွာသွန်းနေပြီး တစ်နာရီ မိုင် ၃၅ မိုင် (သို့မဟုတ်) ၄၀ ခန့်လောက် တိုက်ခတ်နေကြောင်း၊ မုန်တိုင်း အရှိန်ကြောင့် လေပြင်းအနည်းငယ် တိုက်ခတ်ပြီး မိုးအနည်းငယ် ရွာသွန်းနေကြောင်း ပြောကြားသည်။
မာန်အောင်မြို့နယ်ရဲစခန်းသို့ ဆက်သွယ်ရာတွင် လေပြင်းတိုက်ခတ်နှုန်းမှာ ၃၅ မိုင်နှင့် ၄၀ အကြားတွင် ရှိကြောင်း၊ ပင်လယ်ပြင်သို့ မထွက်ကြရန် မြို့နယ် တစ်ခုလုံးကို သက်ဆိုင်ရာက သတိပေးထားကြောင်း၊ သို့အတွက် လောလောဆယ်တွင် မြို့နယ်ကျော်ပြီး ခရီးသွားလာမှုများ ရပ်တန့်နေကြောင်း ပြောကြားသည်။
ယခု လက်ရှိ ဘင်္ဂလာပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းသည် ဘင်္ဂလာဒေ့ရှ်သို့ ဦးတည်နေပြီး ယမန်နေ့က အဆင့် (၃) သတိပေးမှု ပြုလုပ်ထားရာမှ ယနေ့တွင် အဆင့် (၄) သို့ တစ်ဆင့် တိုးမြှင့် သတိပေးမှု ပြုလုပ် ထားကြောင်း ဘင်္ဂလာဒေ့ရှ်က မိုးလေ၀သနဲ့ ဇာလဗေဒက သတင်း ထုတ်ပြန်သည်။
မုန်တိုင်းမှာ တစ်နာရီ ၄၈ ကီလိုမီတာနှုန်းနဲ့တိုက်ခတ်နေပြီး ဗဟိုချက်မမှာ ပြင်းအားကတော့ တစ်နာရီ ၅၀ ကနေ ၆၀ ထိမြင့်တက်သွားသည်ဟု ဆိုသည်။
မုန်တိုင်းအကွာအဝေးမှာ စစ်တကောင်းမြို့မှ အနောက်တောင်ဘက် ၂၇၅ ကီလိုမီတာတွင် တည်ရှိနေပြီး မြန်မာနယ်စပ် အနီး ကော့စ်ဘဇားမြို့မှ အနောက်တောင်ဘက် ၂၄၀ ကီလိုမီတာ တည်ရှိနေကြောင်း သိရသည်။
မုန်တိုင်းဟာ ဘင်္ဂလာဒေ့ရှ်ကို ဖြတ်သန်းတိုက်မယ်လို့ မျှော်လင့်ရပြီး မုန်တိုင်းတိုက်ခတ်စဉ် တစ်နာရီကို ကီလိုမီတာ ၅၀ ကနေ ၆၀ တိုက်ခတ်နိုင်ပြီး ပင်လယ်ပြင် ဒီရေဟာ ၂ ပေကနေ ၃ ပေထိ မြင့်တက်နိုင်ကြောင်း သတိပေး ပြောဆိုထားသည်။
Narinjara
https://www.facebook.com/Narinjara
မာန်အောင်မြို့နယ်တွင် မုန်တိုင်းကြောင့် ပင်လယ်ပြင် မထွက်ရန် သတိပေးနိုးဆော်ထား
Reviewed by THITHTOOLWIN
on
17:34
Rating:
