တိုက်ပွဲဖြစ်တဲ့အကြောင်းကို စုံစမ်းစစ်ဆေး

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ Photo: RFA
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSSနဲ့ တပ်မတော်ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်တဲ့ စိစစ်ရေး အဖွဲ့ရဲ့ အစီရင်ခံစာကို လာမယ့် နိုဝင်ဘာလလယ်မှာ ပြုလုပ်မယ့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-U အစည်းအဝေးမှာ တင်ပြသွားမယ်လို့ စိစစ်ရေးအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။

အဲဒီ JMC-U အစည်းအဝေးမှာ ဘယ်အဖွဲ့က NCA စာချုပ်ပါ အချက်တွေကို ချိုးဖောက်မူတွေရှိခဲ့လဲ ဆိုတာကို စိစစ်ပြီး သက်ဆိုင်ရာ တပ်ဖွဲ့ကို အရေးယူဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

တိုက်ပွဲကိစ္စကို စုံစမ်းစစ်ဆေးခဲ့တဲ့ JMC-U စိစစ်အတည်ပြုရေးအဖွဲ့မှာ အရပ်သားနဲ့ တပ်ဘက်က ကိုယ်စားလှယ် အဖွဲ့ဝင် ၆ ဦးပါဝင်ပြီး ရှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေက ဒေသခံတွေ၊ နှစ်ဖက်တပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ထိန်းချုပ် နယ်မြေဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းကိုင်မြို့နယ်က ဘိန်းဖြတ်စခန်းကို တပ်မတော် က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နမ့်လန်၊တုံလောနဲ့ မိုင်ကိုင်ဒေသတွေမှာ နှစ်ဖက်တိုက်ပွဲတွေဖြစ် ပွားခဲ့တာ ဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲတွေမဖြစ်ဖို့အတွက် ဆွေးနွေးညှိနှိုင်းမူတွေ လုပ်ဖို့လိုတယ်လို့လည်း JMC-U စိစစ် အတည်ပြုရေး အဖွဲ့မှာပါဝင်တဲ့ABSDF ဗဟိုဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင် က ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို ပြည်ထောင်စုအဆင့် ၊ တိုင်းနဲ့ ပြည်နယ် အဆင့်နဲ့ ဒေသဆိုင်ရာ အဖွဲ့ဆိုတဲ့ အဆင့် သုံးဆင့်နဲ့ ဖွဲ့စည်းရမှာဖြစ်ပြီး လက်ရှိမှာ တော့ တိုင်းနဲ့ ပြည်နယ်အဆင့် အတွက် ဒေသ ၅ နေရာမှာ ဖွဲ့စည်းပြီးဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
တိုက်ပွဲဖြစ်တဲ့အကြောင်းကို စုံစမ်းစစ်ဆေး တိုက်ပွဲဖြစ်တဲ့အကြောင်းကို စုံစမ်းစစ်ဆေး Reviewed by THITHTOOLWIN on 19:03 Rating: 5
Powered by Blogger.