ကျုံထော်ရေတံခွန်အနီးတွင် မိုင်းကြောင့် မြန်မာ့တပ်မတော်မှ အရာရှိတစ်ဦး အပါအ၀င် ၃ဦး သေဆုံး


နိုဝင်ဘာ ၂၄ရက်။ ၂၀၁၆ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၏ အထင်ကရ နေရာတစ်ခုဖြစ်သည့် ကျုံထော်ရေတံခွန် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေချိန် ၎င်းရေတံခွန်အ နောက်ဘက်ခြမ်း ယခင် DKBA (ခွဲထွက်)စခန်းဟောင်းရှိရာ ၀ါးဘိုးတောင်တွင် နိုဝင်ဘာလ ၂၂ရက်နေ့က မိုင်းကြောင့် မြန်မာ့ တပ်မတော်မှ အရာရှိတစ်ဦး အပါအ၀င် ၃ဦး သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ နေရာများမှာ ပြီးခဲ့သည့် စက်တင်ဘာလက DKBA (ခွဲထွက်)နှင့် နယ်ခြားစောင့်တပ်၊ တပ်မတော်ပူးပေါင်းအဖွဲ့တို့ အပြန် အလှန် တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများဖြစ်ပြီး ယမန်နေ့က ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှာ တိုက်ပွဲအတွင်း ကျန်ရှိသည့် မိုင်းကြောင့် ဖြစ်ကြောင်း အမည်မဖော်လိုသည့် နယ်ခြားစောင့်တပ်အရာရှိတစ်ဦးက ယခုလို ပြောသည်။

၎င်းက “ကျုံထော်နားတစ်ဝိုက်ကတော့ အကုန်ရှင်းပြီးပြီ။ အခုဖြစ်တာက ကျုံထော်အနောက်ဘက် ၀ါးဘိုးတောင်မှာ နေ့လည် ၁နာရီကျော်လောက်မှာဖြစ်တာ။ DKBA စခန်းဟောင်းဆိုတော့ လုံခြုံရေးအတွက် သူတို့ ပြန်ဆုတ်တဲ့လမ်းမှာ ထောင်ထားခဲ့တာ တွေ ဖြစ်မယ်။ နင်းမိုင်းဆို ဒီလောက်မဖြစ်ဘူး။ အခုက ဗုံးသီးဟောင်းတွေနဲ့ထောင်တဲ့ တိုက်မိုင်းမို့လို့ ဒီလောက်ထိခိုက်တာ”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

မိုင်းကြောင့် သေဆုံးသူများမှာ မြန်မာ့တပ်မတော် တပ်မ(၄၄)မှ ဗိုလ်ကြီးတစ်ဦးနှင့် ရဲဘော်တစ်ဦး၊ နယ်ခြားစောင့်တပ်-BGF (၁၀၂၁) တပ်ရင်းမှ ရဲဘော်တစ်ဦးတို့ဖြစ်ကြောင်းသိရပြီး တိုက်ပွဲကာလ ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ရက်နေ့တွင် အထက်ကျုံ ထော် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး မြိုင်ကြီးငူသို့ စစ်ဘေးရှောင်လာစဉ် လမ်းခုလပ်တွင် မိုင်းနင်းမိသဖြင့် သေဆုံးခဲ့သည့် ဖြစ် စဉ်လည်း ရှိခဲ့သည်။

တိုက်ပွဲများဖြစ်ပွားပြီးနောက် ကျုံထော်ရေတံခွန်အနီးတ၀ိုက်ရှိ မိုင်းများရှင်းလင်းပြီး အများပြည်သူများ အပန်းဖြေ လာရောက်နိုင် ရေးအတွက် ကျုံထော်ရေတံခွန်ထိန်းသိမ်းရေးဆရာတော် ဦးခေမိက ဦးဆောင်ကာ လာမည့် နိုဝင်ဘာ ၂၅ရက်နေ့မှစတင်ကာ နေ့စဉ် ညနေ ၅နာရီအထိ ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်နေချိန်တွင် ယခုလို ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

DKBA (ခွဲထွက်)နှင့် နယ်ခြားစောင့်တပ်တို့ စက်တင်ဘာလ တိုက်ပွဲမဖြစ်ပွားမီရက်ပိုင်းအလိုတွင် အများပြည်သူဘေးကင်းရေး အတွက် အဆိုပါရေတံခွန်သို့ သွားလာခြင်းမပြုရန် မြိုင်ကြီးငူဆရာတော်က တားမြစ်မှုများရှိခဲ့သလို နှစ်ဖက်တပ်ဖွဲ့များမှ တိုက်ပွဲ ကာလအတွင်း ရေတံခွန်သို့ ခရီးသွားလာမှုများမပြုကြရန် တားမြစ်မှုများလည်းရှိခဲ့သည်။

ယခု မြိုင်ကြီးငူဆရာတော်၏ ညွှန်ကြားမှုဖြင့် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေသော်လည်း ကျုံထော်ရေတံခွန်သွားရာ လမ်းခရီးရှိ အချို့သောနေရာများတွင် မိုင်းအန္တရာယ်ရှိနေဆဲပင်ဖြစ်ပြီး ယင်းအန္တရာယ်ရှိ နေရာများအတွက် သတိပေးဆိုင်းဘုတ်များ၊ အမှတ်အသားများ ပြုလုပ်ထားနေရဆဲဖြစ်ကြောင်း သိရသည်။


ကေအိုင်စီ - KIC News
http://kicnews.org
ကျုံထော်ရေတံခွန်အနီးတွင် မိုင်းကြောင့် မြန်မာ့တပ်မတော်မှ အရာရှိတစ်ဦး အပါအ၀င် ၃ဦး သေဆုံး  ကျုံထော်ရေတံခွန်အနီးတွင် မိုင်းကြောင့် မြန်မာ့တပ်မတော်မှ အရာရှိတစ်ဦး အပါအ၀င် ၃ဦး သေဆုံး Reviewed by THITHTOOLWIN on 11:27 Rating: 5
Powered by Blogger.