မန္တလေးဆိပ်ကမ်းအနီး၌ ကိုယ်ဝန်ဆောင် ဧရာဝတီလင်းပိုင် အမတကောင် သေဆုံး


စစ်ကိုင်းမြို့နယ်၊ ခိုတောင်ကျေးရွာအနီး လင်းပိုင်းထိန်းသိမ်းရေး ဧရိယာအတွင်း ဧရာဝတီမြစ်ရေပြင်တွင် ကိုယ်ဝန်ဆောင်ထားသည့် ဧရာဝတီလင်းပိုင် အမတကောင်မှာ သေဆုံးခဲ့ပြီး ၀မ်းဗိုက်အတွင်းလွယ်ထားသော လင်းပိုင်သားပေါက်လည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဒေသခံများပြောကြားချက်အရ အုပ်စုဖွဲ့ကာ ရှော့တိုက် ငါးဖမ်း သူများကြောင့်သေဆုံးသည် ဆိုသော်လည်း သားလျှောခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု ဆိုသည်။

“ဘက်ထရီရှော့ရယ် ငါးဖမ်းပိုက်ရယ်ကြောင့်လည်း သေဆုံးတတ်ကြတယ်။ ခုဖြစ်တာက သားလျှောတာဆိုတော့ မြစ်ရေအရည်အသွေးကိုလည်း စစ်ဆေးကြည့်သင့်တယ်။ မြစ်ကမ်းဘေးမှာ စိုက်ပျိုးသူတွေက ဓါတုပစ္စည်းတွေသုံးတော့ မြစ်ရေအရည်အသွေးကျဆင်းလာတာလဲ ဖြစ်နိုင်ပါတယ်”ဟု WCS မှ ဦးဟန်ဝင်းက ပြောသည်။


ယခုသေဆုံးသည့် လင်းပိုင်အမမှာ ၇ ပေခန့်ရှိပြီး ၀မ်းဗိုက်အတွင်းမှတွေ့ရှိရသည့် လင်းပိုင်ငယ်မှာ အလျား ၁ ပေ ၇ လက်မခန့်နှင့် လုံးပတ်၁၀ လက်မခန့်ရှိကြောင်း၊ လင်းပိုင်များသည် ကိုယ်ဝန် ၁၄ လလွယ်ပြီးမှ မွေးဖွားခြင်းဖြစ်သော်လည်း ယခု လင်းပိုင်ငယ်မှာ အရွယ်အားဖြင့် သေးငယ်သဖြင့် ကိုယ်ဝန် ၈ လခန့်သာရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း ၎င်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီး လင်းပိုင်ထိန်းသိမ်းရေးဧရိယာအတွင်း ဧရာဝတီလင်းပိုင်၂၅ ကောင်ရှိရာမှ သြဂုတ် ၁၅ ရက်က၂၀၁၆ ခုနှစ်တွင် ပထမဆုံးလင်းပိုင်တကောင်သေဆုံးခဲ့ပြီး ၂၄ ကောင်သာကျန်ရှိရာက ယခု သေဆုံးမှုကြောင့် ၂၃ ကောင်သာကျန်ရှိတော့မည်ဟု သိရသည်။

“မျိုးသုဉ်းမှုအန္တရာယ်က ကာကွယ်ဖို့ဆို လျှပ်စစ်ရှော့တိုက်ငါးဖမ်းတာတွေ ရွှေတူးဖေါ်ရခြင်းကြောင့်ဖြစ်တဲ့ မြစ်ရေညစ်ညမ်းမှုစတဲ့ လင်းပိုင်မျိုးပွားမှုထိခိုက်စေမယ့်ကိစ္စတွေ ရှောင်ဖို့လိုတယ်။ ရှော့တိုက်ငါးဖမ်းတာကို ဥပဒေအရတားမြစ်ထားပါတယ်”ဟု မွေးမြူရေးနှင့် ရေလုပ်ငန်းဦးစီးဌာနတာဝန်ရှိသူတဦးကပြောသည်။


လင်းပိုင်အကောင်ရေ မှတ်တမ်းများအရ ၂၀၀၄နှင့် ၂၀၁၁ ခုနှစ်က ၇၂ ကောင်၊ ၂၀၁၂ တွင် ၆၇ ကောင်၊ ၂၀၁၃ တွင် ၅၁ ကောင်၊ ၂၀၁၄ တွင် ၆၃ ကောင်၊ ၂၀၁၅ တွင် ၅၈ ကောင်၊ ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီ အထိ ၆၅ ကောင်ရှိခဲ့ကြောင်း သိရသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မန္တလေးဆိပ်ကမ်းအနီး၌ ကိုယ်ဝန်ဆောင် ဧရာဝတီလင်းပိုင် အမတကောင် သေဆုံး  မန္တလေးဆိပ်ကမ်းအနီး၌ ကိုယ်ဝန်ဆောင် ဧရာဝတီလင်းပိုင် အမတကောင် သေဆုံး Reviewed by THITHTOOLWIN on 10:54 Rating: 5
Powered by Blogger.