တိုက်ပွဲတွေကြောင့် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး ပိတ်ဆို့မှုအား တပ်မတော်စစ်ကြောင်းမှရှင်းလင်း

KIA ၊TNLA နှင့် MNDAA လက်နက်ကိုင်အဖွဲ့များ ပူးပေါင်း၍ လာရောက် ပစ်ခတ်တိုက်ခိုက်၊ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး ပိတ်ဆို့မှုအား တပ်မတော်စစ်ကြောင်းမှရှင်းလင်း

နိုဝင်ဘာ ၂၁၊ ၂၀၁၆

မူဆယ်မြို့နယ်၊ ပန်ဆိုင်း နယ်မြေရဲစခန်းအား ရဲစခန်း၏ အနောက်ဘက် တစ်ဖာလုံ ခန့်အကွာ တောင်ကုန်းပေါ်မှ TNLA/KIA/MNDAA ပူးပေါင်း လက်နက်ကိုင် အဖွဲ့အင်အား(၁၀၀) ကျော်ခန့်သည် ယနေ့နံနက် ၆ နာရီမှ ၆နာရီ ၁၀မိနစ်အထိ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့်လာရောက် ပစ်ခတ်ခဲ့မှုကြောင့် ထိတွေ့မှုများ ဖြစ်ပွားခဲ့ရ ကြောင်းသိရသည်။

အလားတူ နိုဝင်ဘာ ၂၀ ရက် ညနေ ၄နာရီ မှ ၄နာရီ ၁၀မိနစ်အထိ KIA/TNLA ပူးပေါင်းအဖွဲ့များသည် ကွတ်ခိုင်မြို့နယ် အရှေ့မြောက်ဘက် မီတာ ၂၀၀၀ အကွာမှ နေ၍ ၆၀မမ စိန်ပြောင်းဗုံးသီး ၃လုံးဖြင့် မြို့တွင်းသို့ လာရောက်ပစ်ခတ်ခဲ့ရာ မြို့တွင်းသို့ ဗုံးသီးများကျရောက်ပေါက်ကွဲ ခဲ့ပြီး ဗုံးသီးများ အနက်မှ ၆၀ မမ စိန်ပြောင်းဗုံးသီး တစ်လုံးသည် ရပ်ကွက် ၂၊ နယ်မြေ ၄ ရှိ ဒေါ်ဂွမ်းခေါင်နေအိမ် မီးဖိုချောင်အမိုးအား ဖောက်ဝင်ခဲ့ကြောင်းသိရှိရသည်။ဗုံးသီးများ ကျရောက်ပေါက်ကွဲမှု ကြောင့် လူထိခိုက် မှု မရှိ ကြောင်း နှင့် တပ်မတော်စစ်ကြောင်းများမှ လိုက်လံရှင်းလင်းခဲ့ရာ လက်နက်ကိုင် ပူးပေါင်း အဖွဲ့များသည် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွား ကြောင်း သိရ သည်။


နိုဝင်ဘာ ၂၁ရက် နံနက် ၅နာရီခွဲတွင် နမ္မတူမြို့နယ်၊ နမ္မတူ-ဘော်တွင်း သွား ကားလမ်း နမ္မတူမြို့မရဲစခန်း အနောက် မြောက်ဘက် (၉) မိုင်ခန့်အကွာရှိ သစ်သား တံတား ကမ်းကပ်ခုံ ပေ ၆၀×၄၀နှင့် ရေလယ်တိုင် ကျောက်စီ၊ သံယက်မ၊ အပေါ်ထည် သစ်သားကြမ်းခင်းတံတား ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကြမ်းခင်းအစိတ်အပိုင်း အချို့ ပျက်စီး ခဲ့ပြီး ယာဉ်များ သွားလာ၍ မရကြောင်း သိရသည်။

KIAနှင့် TNLA ပူးပေါင်းအဖွဲ့များသည် မူဆယ်မြို့၏တောင်ဘက် မိုင် (၂၀)ခန့် အကွာ နမ့်အွန်ကျေးရွာအ၀င် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ခရီးသည်နှင့် ကုန်တင် ယာဉ်များသွားလာ၍မရအောင် ၂၂ဘီး တွဲကား၎စီး၊ ၁၂ဘီးကား ၁စီး၊ ဆီဘောက်စာ ၁စီးတို့အား ခြိမ်းခြောက်အသုံးပြု၍ ပိတ်ဆို့ ထားခဲ့ပြီး ကားသော့များအား ဖြုတ်ယူ သိမ်းဆည်းသွားခဲ့မှုကြောင့် နိုဝင်ဘာ ၂၀ ရက် ည၇နာရီခွဲမှ စတင်၍လမ်း ပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

၎င်းလမ်းပိတ်ဆို့ထားသည့် နေရာအား တပ်မတော်စစ်ကြောင်းနှင့် ပြည်သူလူထု ပူးပေါင်း ရှင်းလင်းဆောင်ရွက်ခဲ့ရာ ယနေ့ နံနက် ၉နာရီခွဲတွင် ပိတ်ဆို့မှုအား ရှင်းလင်း နိုင်ခဲ့ပြီး ယာဉ်များပုံမှန် သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee
တိုက်ပွဲတွေကြောင့် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး ပိတ်ဆို့မှုအား တပ်မတော်စစ်ကြောင်းမှရှင်းလင်း  တိုက်ပွဲတွေကြောင့် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး ပိတ်ဆို့မှုအား တပ်မတော်စစ်ကြောင်းမှရှင်းလင်း Reviewed by THITHTOOLWIN on 16:26 Rating: 5
Powered by Blogger.