၁၀၅ မိုင်တွင် တိုက်ပွဲများဖြစ်ပွားနေ၊ ဒေသခံများ မူဆယ်မြို့သို့ ထွက်ပြေးတိမ်းရှောင်


မူဆယ်၊ နိုဝင်ဘာ ၂၀။

ရှမ်းပြည်မြောက်ပိုင်း ၊တရုတ်- မြန်မာ နယ်စပ်၊ မူဆယ်မြို့ အနီးရှိ၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း အနီးတွင် ယနေ့ ( နိုဝင်ဘာ ၂၀ ) မနက် ၃ နာရီခန့်မှစ၍တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းမှ ဒေသခံအများအပြား မူဆယ်မြို့သို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း မူဆယ်မြို့သို့ ရောက်ရှိနေသည့် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

" မနက် အစောကြီး ပစ်ခတ်သံတွေကြားရတယ်။ ၁၀၅ မိုင် မှာ ရှိတဲ့လူတော်တော်များထွက်ပြေးကြတယ်။ ဘာမှ ကို မယူနိုင်ဘူး။ ကျွန်တော်လည်း ယေက္ခမ တွေကို သွားခေါ်ဖို့ လုပ်ပေမယ့် မခေါ် နိုင်ခဲ့ဘူး။ ယေက္ခမ အိမ်နဲ့ ကျွန်တော် တို့ အိမ် ကဝေးသေးတယ်။ ၁၀၅ မိုင် က လူတော်တော် များများထွက်ပြေးကုန်ပြီ။ ကားတွေလည်း ၁၀၅ မိုင်ထဲ ၀င်လို့ မရတော့ဘူး။ ဘယ်သူနဲ့ ဘယ်သူဖြစ်တယ်ဆိုတာတော့ မသိရဘူး။ သူငယ်ချင်းတစ်ယောက်လည်း လက်နက်ကြီးထိတယ်။ ဒဏ်ရာရတယ် ။ အခု မူဆယ်မြို့ကလည်း ခြောက်ကပ်နေတယ် ” ဟု ၄င်းကယနေ့ မနက် ၈ နာရီတွင် AHN သို့ပြောသည်။


တိုက်ပွဲများဖြစ်ပွားနေသည်ဆိုခြင်းမှာ မှန်ကန်ပါကြောင်း ရှမ်းပြည်နယ်ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ယနေ့ (နိုဝင်ဘာလ ၂၀ ရက်) မနက် ၉ နာရီတွင် AHN သို့ အတည်ပြုပြောသည်။

“ ၁၀၅ မိုင်နားမှာ တိုက်ပွဲဖြစ်တယ်ဆိုတာ မှန်ပါတယ်။ ဒီနေ့ မနက် ၂ နာရီလောက်က ဖြစ်တာပါ။ နေရာ ၆ နေရာ မှာ တိုက်ပွဲဖြစ်နေပါတယ်။ တပ်မတော်က အခုနယ်မြေရှင်းလင်းရေးလုပ်နေပါတယ်။ ရဲတပ်ဖွဲ့ကတော့ နောက် တန်း ကနေ ကူညီပေးနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်း ထုတ်ပြန်ပေးဖို့ ရှိပါတယ်။ တပ်မတော်နဲ့တိုင်ပင်ပြီး ပြည်သူတွေသိအောင် သတင်းထုတ်ပြန်ပေးမှာဖြစ်ပါတယ်။ လောလောဆယ်ဆယ်တော့ ဒီလောက်ပဲပြောနိုင်ပါသေးတယ် ” ဟု ၄င်းကပြောသည်။

၁၀၅ မိုင်ကုန်သွယ်ရေးစခန်းတွင် နေထိုင်ပြီးလက်ရှိ မူဆယ်မြို့တွင်ရောက်ရှိနေသူ အချို့ကTNLA အဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်ဟုဆိုသော်လည်း AHN က သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။


တိုက်ပွဲ ကိစ္စနှင့် ပတ်သက်၍ TNLA အဖွဲ့ထံ ဆက်သွယ်သော်လည်း တယ်လီဖုန်းခေါ်ဆို၍ မရခဲ့ပေ။

” ၁၀၅ ထိပ်နားမှာ တွဲကား မောင်းတဲ့ သူငယ်ချင်း တစ်ယောက် ရောက်နေတယ်။ သူပြောတာက သူ့ကား ရဲ့ကားသော့ ကို လက် နက်ကိုင်တစ်ယောက်က ဖြုတ် သိမ်းလိုက်တယ်။ အဲဒီလက်နက်ကိုင်က မြန်မာ့တပ်မတော်ကတော့ မဟုတ်ဘူး၊ ဘယ်အဖွဲ့ကလည်း ဆိုတာလည်း သေချာ မသိရဘူးတဲ့.။ ဆိုတော့ တွဲကားက လမ်း ပေါ် မှာ ပိတ်နေတယ်။ ဒီလိုပဲ တွဲကားတွေ အများကြီး ရဲ့ ကားသော့တွေကို လက်နက်ကိုင်ထားသူတွေက လိုက်ဖြုတ် သိမ်းလိုက်တော့ ကားတွေ အများကြီးပိတ်နေတယ်လို့ ပြောတယ်။ လူကိုတော့ဘာမှ မလုပ်ဘူးတဲ့။ ခုန ကပဲ ကျွန်တော့်ကို ဖုန်းဆက်ပြောတာ “ ဟု လားရှိုးမြို့တွင်ရောက်ရှိနေသည့် ယာဉ်မောင်းတစ်ဦးကပြောသည်။

တိုက်ပွဲကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဦးစိုးညွန့်လွင်နှင့် နေပြည်တော် ပြန်ကြားရေးဝန်ကြီး ဌာနများ သို့ တယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း တယ်လီဖုန်းခေါ် ဆို၍ မရခဲ့ပေ။

ရဲထက်ကျော်၊ ကိုနေ ၊ စိုင်းမင်း ( ရှမ်းပြည်နယ်မြောက်ပိုင်း)

The Asia Heart News
၁၀၅ မိုင်တွင် တိုက်ပွဲများဖြစ်ပွားနေ၊ ဒေသခံများ မူဆယ်မြို့သို့ ထွက်ပြေးတိမ်းရှောင်  ၁၀၅ မိုင်တွင် တိုက်ပွဲများဖြစ်ပွားနေ၊ ဒေသခံများ မူဆယ်မြို့သို့ ထွက်ပြေးတိမ်းရှောင် Reviewed by THITHTOOLWIN on 12:03 Rating: 5
Powered by Blogger.