ဂျာမန်စစ်ဘက်တပ်ဖွဲ့ များအတွင်း အစ္စလာမ်မစ် စစ်သွေးကြွများ ပါဝင်နေသည်ကို တွေ့ရှိ


ဘာလင် ၊ ၇-၁၁-၂၀၁၆

ဂျာမန်စစ်ဘက် တပ်ဖွဲ့များ အတွင်း အစ္စလာမ်မစ် စစ်သွေးကြွ အနည်းဆုံး အယောက် ၂ဝ ကို စစ်ဘက် တန်ပြန် ထောက်လှမ်းရေး အဖွဲ့က စုံစမ်းတွေ့ရှိ ခဲ့ကြောင်းနှင့် အခြား ၆ဝ ကျော် ကိုလည်း စောင့်ကြည့်
ထောက်လှမ်းလျက် ရှိကြောင်း ဂျာမန် သတင်းဌာန များက နိုဝင်ဘာ ၅ ရက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဂျာမန်စစ်ပြန် အနည်းဆုံး ၂၉ ဦးသည် ဆီးရီးယား သို့မဟုတ် အီရတ်နိုင်ငံ တွင် တာဝန် ထမ်းဆောင်ခဲ့ပြီး အချို့သည် အဆိုပါ နိုင်ငံများရှိ ISIS စစ်သွေးကြွ အဖွဲ့နှင ပူးပေါင်း ခဲ့ကြောင်း စစ်ဘက် သတင်း အရင်းအမြစ်များကို ကိုးကား၍ Die Welt သတင်းဌာနက ဖော်ပြသည်။

၂ဝဝ၇ ခုနှစ်မှ ၂ဝ၁၆ ခုနှစ် ဧပြီလအတွင်း ဂျာမန် စစ်ဘက်အတွင်း အစ္စလာမ်မစ် စစ်သွေးကြွ ၂၂ ဦးကို ဖော်ထုတ် နိုင်ခဲ့ပြီး ၄င်းတို့အနက် ၁၇ ဦးအား ထုတ်ပယ် ခဲ့ကြောင်း သိရသည်။

ISIS နှင့် အခြား စစ်သွေးကြွ အဖွဲ့အစည်းများ အနေဖြင့် ၄င်းတို့၏ နောက်လိုက် များအား လေ့ကျင့်ရေး သင်တန်းများ တက်ရောက် နိုင်စေရန် အတွက် ဂျာမန် စစ်ဘက်သို့ ဝင်ရောက်၍ တာဝန် ထမ်းဆောင်ရန် ထိရောက်စွာ တွန်းအား ပေးလျက်ရှိ ကြောင်း Berliner Morgenpost သတင်းစာက ဖော်ပြသည်။

ဂျာမန်စစ်ဘက် အနေဖြင့် စစ်မှုထမ်းများကို တာဝန်ပေး စေခိုင်းပြီးမှသာ နောက်ကြောင်း စုံစမ်းခြင်း ဖြစ်သည့်အတွက် ၂ဝ၁၇ ခုနှစ် ဇူလိုင်လမှ စတင်၍ တပ်ဖွဲ့ဝင် များ၏ နောက်ကြောင်း စုံစမ်းခြင်းများကို ကြိုတင် ဆောင်ရွက် နိုင်ရေး ဥပဒေပိုင်း ဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်သွားရန် သြဂုတ်လ အတွင်းက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

Pyi Chit thar
ဂျာမန်စစ်ဘက်တပ်ဖွဲ့ များအတွင်း အစ္စလာမ်မစ် စစ်သွေးကြွများ ပါဝင်နေသည်ကို တွေ့ရှိ ဂျာမန်စစ်ဘက်တပ်ဖွဲ့ များအတွင်း အစ္စလာမ်မစ် စစ်သွေးကြွများ ပါဝင်နေသည်ကို တွေ့ရှိ Reviewed by THITHTOOLWIN on 18:31 Rating: 5
Powered by Blogger.