ယခုနှစ်မီးပုံးပျံပွဲ ရာသီဥတု မမှန်သော်လည်း ပွဲလည်သူစည်ကား


နိုဝင်ဘာ ၁၁ ရက် ၂၀၁၆

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၌ တန်ဆောင်မုန်းလ အတွင်း နှစ်စဉ် ကျင်းပပြုလုပ်သည့် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်သည် ယခုနှစ် ရာသီဥတုဖောက်ပြန်မှု ရှိခဲ့သော်လည်း ပွဲလည် ဧည့်သည် လျော့နည်း သွားခြင်းမရှိကြောင်း ပွဲကျင်းပရေးကော်မတီမှ သိရသည်။

ပွဲကာလ မီးပုံးပျံလွှတ်တင်ချိန်တွင် ညတိုင်းနီးပါး မိုးရွာသွန်းမှုရှိခဲ့သော်လည်း ရပ်နီးရပ်ဝေးမှ ပွဲလာလည်သည့် ဧည်သည် လျော့ နည်းသွားခြင်းမရှိသကဲ့သို့ လွှတ်တင်မည့် မီးပုံးပျံမှာလည်း ယခင်နှစ်များထက် ပိုများ ကြောင်း ပွဲကျင်းပရေးကော်မတီက ပြောသည်။

တောင်ကြီးဒေသခံ ခွန်ဟတ်ခေးမှ “ မီးပုံးပျံလည်း အရင်နှစ်ထက် ပိုများတယ်၊ အရင်နှစ်က ၃၀၀ ကျော် ဘဲ ရှိတယ်။ ဒီနှစ်က ၄၀၀ ကျော်တယ်၊ ကြီးကြီးကျယ်ကျယ် မီးလောင်တာတွေ ထိခိုက်တာတွေ မရှိဘူးဒီနှစ်။ ဘာတွေထူးလဲဆိုတော့ လုံခြုံရေးအင်အားတော့ ပိုသုံးထားတယ်၊ ရဲတပ်ဖွဲ့ဝင် အင်အား ၆၀၀ ကျော်ရှိတယ်။ ရာသီဥတုမကောင်းလည်း မီးပုံးပျံတော့ လွှတ်နေတာဘဲ။ ရက်ရွှေ့တာတွေ ရက်တိုးတာတွေ မကြားသေးဘူး၊ မိုးရွာတဲ့ချိန်ဆိုရင် ခနလေးနားပြီး မိုးတိတ်တာနဲ့ မီးပုံးပျံ ပြန်လွှတ် တယ်။ တောက်လျှောက်လွှတ်တာဘဲ ” ဟု ပြောသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို တောင်ကြီးမြို့ရှိ အဝေရာ မီးပုံးပျံ ကွင်း၌ နိုဝင်ဘာ ၆ မှ ၁၄ ရက်အထိ (တန်ဆောင်မုန်းလဆန်း ၇ ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ) ကျင်းပရာ မီးပုံးပျံ ၄၀၀ ကျော် ပြိုင်ပွဲဝင် လွှတ်တင်ကြောင်း မီးပုံးပျံလွှတ်တင်သည့်အဖွဲ့များထံမှ သိရသည်။

“မီးပုံးပျံက နေ့ကော ညကော လွှတ်တယ်၊ နေ့ခင်းပိုင်းေ တာ့ နေ့လွှတ် အရုပ်တွေ လွှတ်တင်တယ်၊ ညပိုင်း တော့ စိန်နပန်တွေ ညမီးကြီးတွေ လွှတ်တာပေါ့၊ ဒီနှစ်ပွဲက မိုးလည်းရွာ လေလည်းတိုက်တော့ လွှတ်ဖို့ အခက်အခဲနည်းနည်းရှိတယ်၊ မိုးတိတ်တာကို စောင့်ပြီးမှ လွှတ်ရတယ်။ စတုတ္တနေ့ ညတုန်းကဆို မိုးရွာလို့ဆိုပြီး ၅ လုံးလောက်ဘဲလွှတ်လိုက်ရတယ် မိုးတိတ်တဲ့ထိစောင့်ပြီး ပြန်လွှတ်တာ မနက် ၄ နာရီလောက်မှ ပြီးသွားတာ” ဟု မီးပုံးပျံလွှတ်တင်သည့်အဖွဲ့မှ မိုးမိုးက ပြောသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်သည် မြန်မာနိုင်ငံ၏ နာမည်ကြီး ရိုးရာပွဲတော်တခုတွင်ပါဝင်ပြီး နိုင်ငံခြားခရီးသွားများကြောင့် နိုင်ငံတော်ဝင်ငွေအများဆုံးရသည့်ပွဲတွင် တခုအပါအ၀င်ဖြစ်ပါသည်။

သျှမ်းသံတော်ဆင့်၊ ဆိုင်ဖူး
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
ယခုနှစ်မီးပုံးပျံပွဲ ရာသီဥတု မမှန်သော်လည်း ပွဲလည်သူစည်ကား   ယခုနှစ်မီးပုံးပျံပွဲ ရာသီဥတု မမှန်သော်လည်း ပွဲလည်သူစည်ကား Reviewed by THITHTOOLWIN on 17:22 Rating: 5
Powered by Blogger.