မုံးကိုးမြို့ နေရာအများစုအား မဟာမိတ် တပ်ပေါင်းစု သိမ်းထား

ဓါတ်ပုံ- နိုဝင်ဘာလ ၂၅ ရက်နေ့လည်ပိုင်းက မုံးကိုးမြို့တွင်းရပ်ကွက်တခုတွင်မီးလောင်နေစဉ်
နိုဝင်ဘာ ၂၅ ရက် ၂၀၁၆

တရုတ်မြန်မာနယ်စပ်ရှိ မုံးကိုးမြို့နယ်ခွဲ၏ မြို့ဧရိယာတော်တော်များများ ကို မြောက်ပိုင်း တိုင်းရင်းသား မဟာမိတ် တပ်ပေါင်းစုက သိမ်းထားကြောင်း သျှမ်းမြောက်ရှိ သတင်းအရင်းအမြစ်များက သျှမ်းသံတော်ဆင့်သို့ အတည်ပြုပြောဆိုသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ တိုက်ပွဲတွင် မြို့နေရာတော်တော်များများအား
မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ သိမ်းနိုင်ခဲ့သော်လည်း မုံးကိုးအခြေစိုက် စစ်ဗျူဟာကုန်းမှာ ကျန်ရှိနေဆဲဖြစ်သည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်နီးစပ်သူ တရုတ်မြန်မာနယ်စပ် စစ်ရေး နိုင်ငံရေးအကဲ ခတ်တစ်ဦးက နိုဝင်ဘလ ၂၅ ရက်နေ့ ညနေပိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

မုန်းကိုးရှိ တရုတ်မြန်မာနယ်ခြားဂိတ်အား နိုဝင်ဘာ ၂၄ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့သည်ဟု အဆိုပါ မဟာမိတ် တပ်ပေါင်းစု၊နှင့် နီးစပ်သူက ဆိုသည်။

‘စစ်တပ်ဗျူဟာကုန်းကျန်တာ ဒီကနေ့ ညနေပိုင်းအထိ အပြင်းအထန် တိုက်နေဆဲပဲ။ ကြားတာက တခြား ဒေသခံအချို့ကို ဓါးစာခံလိုဗျူဟာ ကုန်းထဲမှာ ထိန်းထားလို့ တိုက်ရခက်နေတယ်လို့လည်း ကြားတယ် ‘ ဟုအဆိုပါ ပုဂ္ဂိုလ်က ပြောသည်။

ယင်းအပြင် မြို့တွင်းရှိ နေအိမ်အချို့မှာလည်း မီးလောင်ကျွမ်းနေသည်ဟု သိရပြီး ဒေသခံအများစုမှာ ပစ်ခတ်မှုများ စဖြစ်ခဲ့သည့် နိုဝင်ဘာလ ၂၀ ၇က်နေ့ကတည်းကပင် တရုတ်နိုင်ငံ ၀မ်တိန်သို့ နေရပ်စွန့်ခွာ ထွက်ပြေးသွားကြသည်ဟု သိရသည်။

မုံးကိုးတိုက်ပွဲအခြေနေနှင့် ပတ်သက်၍ မုံးကိုးမြို့တွင် တိုက်ပွဲများဖြစ်နေသည် မှာ မှန်ကန်ပြီး တပ်မတော်မှာလည်း မုံးကိုးတွင် ရှိနေဆဲဖြစ်ကြောင်း သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောသည်ဟု The Ladies News က ဖော်ပြထားသည်။

ကိုးကန့် တပ်သားတစ်ဦး၏ We Chat အကောင့်တွင်မူ မြို့တွင်း၌ ကိုးကန့် တပ်သားများ လှည့်လည်နေပုံကို ဖော်ပြထားသည်။

ကချင်ပြည်နယ်နှင့် သျှမ်းပြည်နယ် နယ်စပ်ရှိ မန့်ဝိန်းကြီး ၊ကြူကုတ် ပန်ဆိုင်း တို့တွင်လည်း ယနေ့ တိုက်ပွဲများဖြစ်နေပြီး မူဆယ် လားရှိုး ပြည်ထောင်စု လမ်းမပေါ်တွင်လည်း ပစ်ခတ်မှု အချို့ရှိနေ သည်ဟု မဟာမိတ် တပ်ပေါင်းစုမှ သတင်းထုတ်ပြန်သည်။

မုံးကိုးမှာ ဗမာပြည်ကွန်မြူနစ်ပါတီခေတ်က ဗကပ လက်အောက်ခံ ကိုးကန့်တပ်များ၏ လက်အောက် သို့ နှစ်အတန်ကြာ ကျရောက်ခဲ့ဖူးပြီး လက်ရှိမုံးကိုးကို တိုက်ခိုက်နေသည့် တပ်များမှာလည်း ကိုးကန့် MNDAA တပ်များဖြစ်သည်ဟု သိရသည်။

ယနေ့ တိုက်ပွဲသတင်းနှင့် ပတ်သက်၍ မြောက်ပိုင်းမဟာမိတ် အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ထံ ဆက်သွယ်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
မြို့ကတော့ တမြို့လုံးနီးပါး သိမ်းထားတယ်။ စခန်း တစ်ခုပဲကျန်တယ်။ တိုင်းရင်းသားအရေး စစ်ရေး လေ့လာသူ ဦးဂါမဏိကလည်း သျှမ်းသံတော်ဆင့်သို့ ပြောသည်။

မူဆယ်တွင်မူ လတ်တလော ဖြစ်နေသည့် တိုက်ပွဲများကြောင့် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်ကျင်းပရန် ရည်ရွယ်ထားသည့် သျှမ်းနှစ်သစ်ကူးပွဲတော်ကို မကျင်းပဖြစ်တော့ကြောင်း မူဆယ် သျှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းက ယနေ့ ကြေငြာချက်ထုတ်ပြန်ထားသည်။

သျှမ်းမြောက်တွင် လတ်တစ်လောဖြစ်နေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် တစ်သောင်းခန့်နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။

ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် အန်စီအေ အပစ်ရပ်စာချုပ်ထိုးရန် လိုအပ်သည်ဟု ပြောဆိုထားပြီး ယခု တိုက်ပွဲဖြစ်နေသည့် တအာင်းပလောင် TNLA ၊ MNDAA ကိုးကန့်နှင့် AA ရခိုင်တို့မှာ ယခင်ကတည်းက ကန့်သတ်ခံထားရသည့် အဖွဲ့များဖြစ်သည်။

သျှမ်းသံတော်ဆင့်၊ စိုင်းအောင်ဆိုင်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
မုံးကိုးမြို့ နေရာအများစုအား မဟာမိတ် တပ်ပေါင်းစု သိမ်းထား  မုံးကိုးမြို့ နေရာအများစုအား မဟာမိတ် တပ်ပေါင်းစု သိမ်းထား Reviewed by THITHTOOLWIN on 23:11 Rating: 5
Powered by Blogger.