ပုသိမ်မြို့တွင် တရားမ၀င်သိုလှောင်ထားသည့် အရက် နှင့်ဘီယာမျိုးစုံ သိန်း ၂ ထောင် ကျော်ဖိုး ဖမ်းဆီးပြီးနောက် အဖျော်ယမကာစတိုးဆိုင် အားလုံးနီးပါးပိတ်ထား


ပုသိမ်၊ နိုဝင်ဘာ ၈ ရက်။

ပုသိမ်မြို့တွင် နိုဝင်ဘာလဆန်းပိုင်းမှ စတင်၍ တရားမ၀င်သိုလှောင် ရောင်းချနေသော အရက် နှင့်ဘီယာ မျိုးစုံကို ဆိုင်ကြီး ၃ ဆိုင်မှ ကျပ်သိန်း ၂၀၀၀ နီးပါ။ ဆက်တိုက် ဖမ်းဆီးမိပြီးနောက် နိုဝင်ဘာလ ၈ ရက်နေ့မှစတင်ကာ မြို့တွင်းရှိ အရက်နှင့်ဘီယာမျိုးစုံ
ရောင်းချနေသော စတိုးဆိုင်အများစု ပိတ်သိမ်းထားကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့က ပုသိမ်မြို့၊ကုန်သည်လမ်း သီရီဝန်းတိုက်ခန်းအတွင်းရှိ နယူးစတိုးဆိုင်မှ တရားမ၀င်သိုလှောင်ထားရှိရောင်းချနေသော ကျပ်သိန်း၂၈၀ ကျော်တန်ဖိုးရှိ အရက်နှင့်ဘီယာမျိုးစုံကိုလည်းကောင်း၊ နိုဝင်ဘာလ ၄ ရက်နေ့က ပုသိမ်မြို့၊ အမှတ်
၆ ရပ်ကွက် ဘန်းဘွေးကုန်းလမ်းရှိ ဦးညီဇော်ထူး၏ နေအိမ်မှ တရားမ၀င် သိုလှောင်ထားသော ကျပ်သိန်း ၁၆၀၀ ကျော်တန်ဖိုးရှိ အရက်မျိုးစုံကိုလည်းကောင်း၊
နိုဝင်ဘာ ၅ ရက်နေ့တွင် ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်ရှိ ဇမ္ဗူထွန်းဆိုင်မှ ကျပ်သိန်း ၅၀ ကျော် တန်ဖိုးရှိ အရက်နှင့်ဘီယာမျိုးစုံကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ ဖမ်းဆီးပြီးနောက် နိုဝင်ဘာလ ၆ ရက်နေ့တွင် အရက်နှင့်ဘီယာမျိုးစုံရောင်းချနေ သော အခြားစတိုးဆိုင် ၃ ဆိုင်ကို ရဲတပ်ဖွဲ့က ခေါ်ယူသတိပေးကာ ခံဝန်ချက်ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ပုသိမ်မြို့တွင်းရှိ အရက်နှင့်ဘီယာရောင်း ချနေသောဆိုင်အများစု ပိတ်သိမ်း ထားခြင်း ဖြစ်ကြောင်း သိရသည်။

"မမှန်မကန်လုပ်တဲ့ဆိုင်တွေကတော့ ပိတ်တာပေါ့။ မြို့ထဲကဆိုင်အများစုက ပိတ်ထားတယ်။ အရင်ကတည်းက အမှန်အကန် ဥပဒေနဲ့အညီရောင်းတဲ့ဆိုင်တွေကတော့ ပုံမှန်ဖွင့်ပြီး ရောင်းနေတာ တွေ့ရတယ်"ဟု ပုသိမ်မြို့ အမှတ် ၁၃ ရပ်ကွက်မှ ကိုစိုးပိုင်က ပြောသည်။

ယခုအခါ ဖမ်းဆီးရမိခဲ့သည့် တရားမ၀င် အရက်နှင့်ဘီယာ သိုလှောင်ရောင်းချသည့် ဆိုင်ပိုင်ရှင် ၃ ဦးအား ပုသိမ်နယ်မြေရဲစခန်းတွင် ယစ်မျိုး ဥပဒေပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့် အရေးယူပြီး ပုသိမ်မြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့နိုင်ရေး ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။

သတင်းနှင့် ဓါတ်ပုံ The Ayeyarwaddy Times
https://www.facebook.com/ayetimes/
ပုသိမ်မြို့တွင် တရားမ၀င်သိုလှောင်ထားသည့် အရက် နှင့်ဘီယာမျိုးစုံ သိန်း ၂ ထောင် ကျော်ဖိုး ဖမ်းဆီးပြီးနောက် အဖျော်ယမကာစတိုးဆိုင် အားလုံးနီးပါးပိတ်ထား  ပုသိမ်မြို့တွင် တရားမ၀င်သိုလှောင်ထားသည့် အရက် နှင့်ဘီယာမျိုးစုံ သိန်း ၂ ထောင် ကျော်ဖိုး ဖမ်းဆီးပြီးနောက် အဖျော်ယမကာစတိုးဆိုင် အားလုံးနီးပါးပိတ်ထား Reviewed by THITHTOOLWIN on 19:52 Rating: 5
Powered by Blogger.