မင်းဘူး (စကု)မြို့နယ်ရှိ ရှေးဟောင်း ဆုတောင်းပြည့်စေတီ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပြိုကျပျက်စီး


မင်းဘူး နိုဝင်ဘာ ၁၄

မင်းဘူးခရိုင် မင်းဘူး(စကု)မြို့ ကျောက်စံကျေးရွာအုပ်စု ကုလားပါးကျေးရွာတွင် ယခုရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ရှေးဟောင်းဆုတောင်းပြည့် စေတီတော်ကြီးမှာ နိုဝင်ဘာ ၁ဝ ရက်က ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုတောင်းပြည့် စေတီတော်ကြီးမှာ ရှေးဟောင်းဘုရားတစ်ဆူဖြစ်ပြီး သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် အက်ကြောင်းများ စတင် ဖြစ်ပေါ်လာခဲ့ပြီး ယင်းအက်ကြောင်းများအတွင်းသို့ မိုးကြီးရာမှ ရေများ စိမ့်ကာဝင် ရောက်ခဲ့ပြီး ယခုကဲ့သို့ ပြိုကျခဲ့ခြင်းဖြစ်သည်။

''အခုပြိုကျတဲ့ ဘုရားကြီးဟာ နှစ်ပေါင်း ၂ဝဝ ဝန်းကျင်သက်တမ်းရှိတယ်လို့ မိဘ ဘိုးဘွားအဆက်ဆက်က မှတ်သားခဲ့ဖူးပါတယ်။ ပြိုကျနေတဲ့ အုတ်ချပ်တွေဟာ အင်းဝ ခေတ်၊ ညောင်ရမ်းခေတ်လောက်က အုတ်မျိုးတွေလို့ ဘုရားကို လာရောက်ကြည့် သွားဖူးတဲ့ သုတေသီတွေက သုံးသပ်ပြောထားပါတယ်။ အလျား ၁၃ လက်မ၊ အနံ ၈ လက်မရှိတဲ့ အုတ်ချပ်ကြီးတွေဖြစ်ပါတယ်။ ပြိုကျပျက်စီးတာကို မြို့နယ် အုပ်ချုပ်ရေး မှူးနဲ့ မြို့နယ်သာသနာရေး ဦးစီးဌာနမှူးတို့တွေ လာကြည့်ပေးသွားပါတယ်။ အထက် ကို တင်ပြပေးမယ်လို့ သူတို့ကပြောသွားပါတယ်''ဟု မင်းဘူး (စကု) မြို့နယ် ကုလား ပါးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုးဦးက ပြောကြားသည်။

ဆုတောင်းပြည့်စေတီတော်ကြီး စတင်ပြိုကျခဲ့သည်မှာ နိုဝင်ဘာ ၈ ရက်က ဖြစ်ပြီး ည ၁ဝ နာရီကျော်ခန့်တွင် ဘုရားကြီး၏ အနောက်ဘက်ခြမ်း မုခ်ဦးစတင်ပြိုဆင်းလာ ခြင်းဖြစ်ကြောင်းသိရသည်။ နိုဝင်ဘာ ၉ ရက်တွင် ထပ်မံပဲ့ကျခဲ့ပြီး အနောက်မြောက် ဘက် မုခ်ဦးနှင့် စေတီငယ်များ ဆက်လက်ပြိုကျခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာ ၁ဝ ရက်တွင် ဘုရားကြီး၏ အနောက်ဘက်ခြမ်းတစ်ခုလုံး ပြိုကျခဲ့ပြီး စေတီတော်ကြီးနှင့် ရွှေထီးတော်၊ စိန်ဖူးတော်တို့ပါ စောင်းလာခြင်းဖြစ်ကြောင်း သိရသည်။

စေတီတော်ကြီးမှာ ရှေးဟောင်းဂူဘုရားပုံစံဖြစ်ပြီး အနောက်ဘက်ခြမ်း ပြိုကျနေ သော်လည်း စေတီတော်နှင့် ဂူဘုရားမှာ ပြိုကျမှု မရှိဘဲ ကျန်ရှိနေပြီး သွားလာရန် အတွက်မူ အန္တရာယ်ရှိနေရာတစ်ခုဖြစ်နေကြောင်း၊ ရှင်းလင်းဖယ်ရှားခြင်းများ ပြုလုပ်ရန် အန္တရာယ်ရှိခြင်းကြောင့် မစတင်နိုင်သေးကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး က ပြောပြသည်။

စေတီတော်ကြီး ပြိုကျပျက်စီးမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားပြီး ဘုရားပြန်လည် ပြုပြင်မွမ်းမံရန်နှင့် အလှူငွေများ လက်ခံနိုင်ရန်အတွက် မြို့နယ်တာဝန် ရှိသူများထံမှ ထောက်ခံချက်များ အဆင့်ဆင့် ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ဘုရားကြီးမှာ မှတ်တမ်းမှတ်ရာများ မရှိတော့သော်လည်း ရှေးဟောင်းဘုရားတစ်ဆူ ဖြစ်ကြောင်း၊ ယခုအခါ ကျန်ရှိနေသည့် ဘုရားကြီး၏ ဘေးပတ်လည်တွင်လည်း အက်ကြောင်းများကို မြင်တွေ့နေရကြောင်း မြို့နယ် သာသနာရေးဦးစီးဌာန ဦးစီးမှူး ဦးနိုင်လင်းက ပြောကြားသည်။

''ဆုတောင်းပြည့်စေတီတော်ကြီး ပြိုကျတာနဲ့ ပတ်သက်ပြီး ဘုရားကြီး ပြန်လည် ပြုပြင်ဖို့ ကော်မတီဖွဲ့စည်းနေပါတယ်။ ဒေသခံ ပန်းရန်ဆရာတွေလောက်နဲ့ ပြုပြင်ဖို့ မလွယ်ကူဘဲ တတ်ကျွမ်းနားလည်သူတွေကို ခေါ်ယူပြီး ပြုပြင်ဆောင်ရွက်ဖို့ ပြင်ဆင်နေ ပါတယ်။ အလှူငွေတွေလည်း လိုအပ်နေတယ်''ဟု ကျေးရွာဒေသခံ ဦးညွန့်ဝင်းက ပြောပြသည်။

 ဇွဲထက်ရှင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မင်းဘူး (စကု)မြို့နယ်ရှိ ရှေးဟောင်း ဆုတောင်းပြည့်စေတီ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပြိုကျပျက်စီး  မင်းဘူး (စကု)မြို့နယ်ရှိ ရှေးဟောင်း ဆုတောင်းပြည့်စေတီ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပြိုကျပျက်စီး Reviewed by THITHTOOLWIN on 10:08 Rating: 5
Powered by Blogger.