စစ်တွေတွင် ကွာရှင်းထားသော လင်မယားဓါးထိုးမှုဖြစ်

(ဓါတ်ပုံ/ မင်းအောင်ခိုင် ဖေ့စ်ဘုတ်)
နိရဉ္စရာ၊ နိုဝင်ဘာ ၂၉

ရခိုင်ပြည်နယ် စစ်တွေမြို့ ကုန်တန်းရပ်ကွက်တွင် နိုဝင်ဘာလ ၂၉ ရက်နေ့ နေ့လယ် ၃ နာရီခွဲခန့်က ကွာရှင်းထားသော လင်မယားအကြား ဓါးထိုးမှုဖြစ်ပွားပြီး နှစ်ယောက်လုံးကို စစ်တွေဆေးရုံကြီး၌ အရေးပေါ် လူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိသည်။

“ဓါးထိုးမှုဖြစ်တဲ့ ယောက်ျား နာမည်က ဦးရွှေစံ၊ အမျိုးသမီး နာမည်က ဒေါ်သောင်းစု၊ ရှေ့နေဖြစ်ပါတယ်။ အမျိုးသမီးကို အရင်ထိုးပြီးမှ သူ့ကိုသူ ပြန်ထိုးတယ်လို့ ယူဆရပါတယ်။ သူ့ရင်ဘတ်မှာ ဒဏ်ရာရရှိထားပါတယ်။ အမျိုးသမီးက ကုန်တန်းမှာနေတယ်။ အမျိုးသားကတော့ မောလိပ်မှာနေတယ် ” ဟု စစ်တွေမြို့ အမှတ် ၁ ရဲစခန်းမှ စခန်းမှူးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

သူတို့ လင်မယားနှစ်ဦးသည် တစ်ယောက်နှင့် တစ်ယောက် သဘောထား တိုက်ဆိုင်မှု မရှိ၍ တရားဝင် ကွာရှင်းထားပြီး၊ အမျိုးသမီးက နောက်အိမ်ထောင်ပြုမည်ဟု ကြားကြောင်း၊ သူ့မိန်းမကို မပြတ်နိုင်သည့်အတွက် နောက်က လိုက်နေကြောင်း၊ တရားရုံးတွင်လည်း အမှု ရင်ဆိုင်နေရကြောင်း အဆိုပါစခန်းမှူးက ပြောသည်။

နိရဉ္စရာသတင်းဌာနက စစ်တွေဆေးရုံကြီးသို့ သွားကြည့်ရာ သူတို့နှစ်ဦးကို လာပို့သည် ရဲအရာရှိတစ်ဦးက “ဒဏ်ရာနဲ့ လဲလျောင်းနေတာကို တွေ့တော့ ကျွန်တော်တို့လည်း ဘာမှ မေးဖို့ မရလိုက်ဘူး။ ဆေးရုံကို အရင်ပို့လိုက်ရပါတယ်။ အခုထိ တိကျတဲ့ အချက်အလက်တွေ မရရှိသေးပါဘူး”ဟု ပြောသည်။

ဒဏ်ရာရရှိထားသော အမျိုးသမီးနှင့် အမျိုးသား နှစ်ဦးစလုံးသည် အသက် ၃၀ ၀န်းကျင်ရှိပြီး ကလေးတစ်ဦးရှိသည်ဟု လေ့လာသိရှိရသည်။

နိရဉ္စရာသတင်းဌာနအနေဖြင့် အသေးစိတ် အချက်အလက်ရရှိရန် သက်ဆိုင်ရာ ဆရာဝန်များကို မေးမြန်းလိုသော်လည်း ဆရာဝန်များက အရေးပေါ် ကုသနေရသဖြင့် မေးမြန်းခွင့်မရရှိခဲ့ပါ။

စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
စစ်တွေတွင် ကွာရှင်းထားသော လင်မယားဓါးထိုးမှုဖြစ်  စစ်တွေတွင် ကွာရှင်းထားသော လင်မယားဓါးထိုးမှုဖြစ် Reviewed by THITHTOOLWIN on 18:20 Rating: 5
Powered by Blogger.