အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ခြိမ်းခြောက်ပြောဆိုခဲ့ဟု သက်သေထွက်ဆို

အိမ်အကူ မိန်းကလေးငယ် နှစ်ဦးကို ညှဉ်းပမ်းနှိပ်စက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင်တွေကို ကျောက်တံတားမြို့နယ် ရဲစခန်းက ပြစ်မှုဆိုင်ရာ ပုဒ်မတွေနဲ့ တရားစွဲဆိုထားတဲ့အတွက် ကျောက်တံတားမြို့နယ် တရားရုံးမှာ အမှုရင်ဆိုင်ဖို့ အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင်တွေကို ရုံးထုတ်လာစဉ်။ ဘီဘီစီမြန်မာပိုင်း ။  ။ ဓာတ်ပုံ- ရွှေအင်းသားခင်မောင်ဝင်း
အိမ်အကူ မိန်းကလေးငယ်(၂)ဦးကို ညှင်းပန်းနှိပ်စက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်တင်သူဇာက လွန်ခဲ့တဲ့(၂)နှစ်က အိမ်အကူ မိန်းကလေးငယ်တွေရဲ့ အုပ်ထိန်းသူတွေနဲ့ ကျောက်တံတားမြို့နယ် အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ပြဿနာဖြေရှင်းခဲ့စဉ်က အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးကိုခြိမ်းခြောက်တဲ့ စကားပြောဆိုခဲ့တယ်လို့ တရားလိုပြ သက်သေအမှတ် (၉)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလွင်ဦးက သက်သေထွက်ဆိုခဲ့ပါတယ်။

အင်းဝအပ်ချုပ်ဆိုင်မှ ဒေါ်တင်သူဇာပါ (၆)ဦးကို နိုဝင်ဘာ(၃)ရက်က အနောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့တာဖြစ်ပြီး (၄)ဦးမြောက် တရားလိုပြသက်သေအဖြစ် အမှတ်(၉)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလွင်ဦးကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဦးလွင်ဦးကိုစစ်ဆေးရာမှာ(၂၀၁၄)ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နဲ့ (၂၂)ရက်က အိမ်အကူမိန်းကလေးတွေရဲ့ အုပ်ထိန်းသူတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ပြဿနာဖြေရှင်းခဲ့စဉ်က မိန်းကလေးတွေကို အုပ်ထိန်းသူတွေနဲ့ ပြန်လည်ထည့်ပေးလိုက်ဖို့ ပြောဆိုခဲ့တဲ့အတွက် ဒေါ်တင်သူဇာက အကြောင်းသိစေရမယ်လို့ ခြိမ်းခြောက်တဲ့ စကားပြောဆိုခဲ့တယ်လို့ ဦးလွင်ဦးက ထွက်ဆိုခဲ့ပါတယ်။

ဒေါ်တင်သူဇာတို့မိသားစုဟာ ဧည့်စာရင်းနဲ့နေထိုင်သူတွေဖြစ်ပြီး မိသားစုအချင်းချင်းရန်ဖြစ်တဲ့အတွက် ဘေးပတ်ဝန်းကျင်က တိုင်ကြားမှုအချို့ရှိခဲ့အတွက် သွားရောက်စစ်ဆေးရာမှာလည်း အိမ်တံခါး ပိတ်ထားတာမျိုးတွေ၊ အပြင်ထွက်သွားတာမျိုးတွေရှိပြီး ဧည့်စာရင်းဝင်စစ်မယ်ဆိုရင်လည်း မိသားစုလိုက် ကားနဲ့ရှောင်ထွက်သွားတာမျိုးတွေရှိတယ်လို့ ဦးလွင်ဦးက သက်သေထွက်ဆိုခဲ့ပါတယ်။ (၂၀၁၄)ခုနှစ် စက်တင်ဘာလ(၁၈)ရက်နဲ့ (၂၂)ရက်တွေက အမှတ်(၉)ရပ်ကွက်ရုံးမှာ ဖြေရှင်းပေးခဲ့ရတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းမူရင်းက တရားလိုရှေ့နေဥပဒေအရာရှိက ရုံးတော်သို့သက်သေခံ(ခ)(၁)နဲ့(ခ)(၂)အဖြစ်တင်သွင်းခဲ့ပြီး တရားပြိုင်ဘက်မှလည်း (၂၀၁၆)ခုနှစ်၊ မတ်လ(၃၁)ရက်က မသီရိလတ်၊ ကိုတင်မင်းလတ်နဲ့ မစုမွန်လတ်တို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လာရောက်ပြုလုပ်ခဲ့တဲ့ ဧည့်စာရင်းဖြင့် နေထိုင်ကြောင်း ထောက်ခံစာကို သက်သေခံအဖြစ်တင်သွင်းခဲ့တာဖြစ်ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီးတရားလိုပြသက်သေ(၁၅)ဦး တင်သွင်းထားပြီး လက်ရှိမှာတရားလိုပြ သက်သေ(၄)ဦး စစ်ဆေးပြီးဖြစ်တယ်လို့သိရပါတယ်။

လာမယ့်ရုံးချိန်းအဖြစ်နိုဝင်ဘာ(၁၀)ရက်၊ နံနက်(၁၀)နာရီခွဲမှာ အမှုကို ဆက်လက်စစ်ဆေးသွားမှာဖြစ်တယ်လို့လည်း အနောက်ပိုင်းခရိုင်တရားသူကြီးဒေါ်ဆွေဆွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒီသတင်းကို Central News Bureau က သီဟစိုးလွင် ပေးပို့တာဖြစ်ပါတယ်။

Skynet UptoDate
https://www.facebook.com/skynetutd
အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ခြိမ်းခြောက်ပြောဆိုခဲ့ဟု သက်သေထွက်ဆို  အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ခြိမ်းခြောက်ပြောဆိုခဲ့ဟု သက်သေထွက်ဆို Reviewed by THITHTOOLWIN on 10:18 Rating: 5
Powered by Blogger.