မင်းပြား ဦးစိုးတင့် မီးလောင်မှုကြောင့် လူ ၅ ဦး ပြင်းထန်ဒဏ်ရာရ စစ်တွေသို့ အရေးပေါ်ပို့ဆောင်ရန် စီစဉ်နေ


မင်းပြား (Nov 25, 2016)

ယနေ့ နံနက် ၁၀ နာရီကျော် အချိန်ခန့်က မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက် ဆန်စက်တန်း မီးလောင်မှုကြောင့် လူ ၅ ဦး (ကျား ၃ ဦးနှင့် မ ၂ ဦး) ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး မင်းပြား ပြည်သူ့ဆေးရုံမှတစ်ဆင့် စစ်တွေ ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်နိုင်ရန် စီစဉ်နေကြကြောင်း သိရသည်။

လူနာများမှာ ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးရန် ဆက်သွယ်တင်ပြထားကြောင်း မင်းပြား ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦး ပြောကြားချက်အရ သိရသည်။


အဆိုပါ မီးလောင်ဒဏ်ရာရ လူနာများအနက် လူနာ ၂ ဦးကို မင်းပြား ပြည်သူ့ဆေးရုံသို့ မင်းပြား စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်း က မော်တော်ကားဖြင့် ပို့ဆောင်ပေးခဲ့ပြီး လူနာ ၅ ဦးလုံးမှာ ဒဏ်ရာပြင်းထန် စိုးရိမ်ရသည့်အတွက် မင်းပြားမြို့ လူမှုအဖွဲ့အစည်းအချို့နှင့် ပူးပေါင်းကာ စစ်တွေ ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်နိုင်ရန် စီစဉ်နေကြောင်း ဦးခင်ဇော်ဝင်း က ပြောသည်။


မင်းပြားမြို့ ဇ-ဖောင်ဒေးရှင်းမှ ကိုကောင်းမြတ်ကျော် က " အခု မင်းပြား မီးလောင်မှုကြောင့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တဲ့ လူနာ ၅ ဦးကို ဒီနေ့ချက်ချင်း စစ်တွေ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသပေးနိုင်အောင် ကျွန်တော်တို့ ဇ-ဖောင်ဒေးရှင်း ကျိန်းရိပ်ကရုဏာ လူမှုကူညီရေးအဖွဲ့ တို့နဲ့ စီစဉ်နေပါတယ်။ စစ်တွေက မလိခကို စင်းလုံးငှားထားပါတယ်။ အခု စစ်တွေက ထွက်လာပါပြီ။ ဒီကို ရောက်ရင် လူနာတွေကို လူနာတင်ကားနဲ့တင်ပြီး မလိခအမြန်ရေယာဉ်နဲ့ စစ်တွေကို ပို့ဆောင်ပေးဖို့ စီစဉ်ထားပါတယ်။ ခရီးစရိတ်တစ်ခုတည်းက ၆ သိန်းရှိမယ်။ ကျွန်တော်တို့ လူမှုရေးအဖွဲ့တွေအနေနဲ့ ရန်ပုံငွေ သိပ်မရှိပေမယ့် ဒီလူနာတွေကိုတော့ ဖြစ်တဲ့နည်းနဲ့ ကူညီသွားမယ်ဆိုပြီး အခုလို စီစဉ်ထားကြတာ ဖြစ်ပါတယ်။" ဟု ဆိုသည်။


မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက် ဆန်စက်တန်းမီးလောင်မှုသည် ယနေ့ နံနက် ၁၀ နာရီကျော်ခန့်မှ စတင်လောင်ကျွမ်းကာ လောင်စာဆီဆိုင်များမှ ဆီပုံးများပေါက်ကွဲမှုကြောင့် လူ ၅ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုကြောင့် သစ်ဆိုင် ဆီဆိုင် စားကုန်ဆိုင် စသည့် ဆိုင် ၉ လုံးနှင့် နေအိမ်တစ်လုံး ဆုံးရှုံးခဲ့ပြီး မီးလောင်သည့် အကြောင်းရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို မသိရသေးပေ။

မင်းပြား - သတင်း
25 . 11 . 2016
Photo: U Khin Zaw Win / Ko Myo Myint
https://www.facebook.com/mongbranews/
မင်းပြား ဦးစိုးတင့် မီးလောင်မှုကြောင့် လူ ၅ ဦး ပြင်းထန်ဒဏ်ရာရ စစ်တွေသို့ အရေးပေါ်ပို့ဆောင်ရန် စီစဉ်နေ  မင်းပြား ဦးစိုးတင့် မီးလောင်မှုကြောင့် လူ ၅ ဦး ပြင်းထန်ဒဏ်ရာရ စစ်တွေသို့ အရေးပေါ်ပို့ဆောင်ရန် စီစဉ်နေ Reviewed by THITHTOOLWIN on 14:56 Rating: 5
Powered by Blogger.