ပြင်သစ်မှာ အကြမ်းဖက်တိုက်ခိုက်မှု အစီအစဉ်ဖြိုခွင်း

 ပြင်သစ်နိုင်ငံပဲရစ်မြို့ လုံခြုံရေးတင်းကျပ်
ပြင်သစ်နိုင်ငံရဲ့ အမှုလိုက် အရာရှိချုပ်ရဲ့ ဆိုအရ ပြီးခဲ့တဲ့အပါတ်က ဖမ်းဆီးရမိတဲ့ လူ၅ယောက်တို့ဟာ လာမယ့် ကြာသပတေးနေ့ လောက်မှာ ပဲရစ်မြို့တော် ပတ်ဝန်းကျင်ကို အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

အီရတ်နဲ့ ဆီးရီးယားမှာ အခြေစိုက် တဲ့ အိုင်အက်စ် အစ္စလမ်မစ်ဝါဒီ တပ်မှူးတယောက်ဆီက မိုဘိုင်းအက်ကနေ လျှို့ဝှက်အမိန့်တွေလက်ခံရရှိနေတာလို့ အမှုလိုက်အရာရှိချုပ် Francois Molins ကပြောပါတယ်။

အဲဒီ၅ယောက်မှာပြင်သစ်လူမျိုး၎ယောက်နဲ့ မော်ရိုကိုလူမျိုးတယောက်ပါဝင်ပါတယ်။ စီးနင်းရှာဖွေမှုတွေအတွင်း မောင်းပြန်လက်နက်တွေလည်း တွေ့ရှိပါတယ်။အခုအခါ အကြမ်းဖက်မှု ကျူးလွန်ဖို့ကြံစည်မှုနဲ့သူတို့ကို စွပ်စွဲပြီးတရားစွဲဖို့ ဆောင်ရွက်နေပါတယ်။

ဘယ်နေရာကို ပစ်မှတ်ထားတယ်ဆိုတာ စုံစမ်းဆဲဖြစ်ပေမယ့် ဖြစ်နိုင်တဲ့ပ စ်မှတ်တွေကတော့ ပဲရစ်တရားရုံးတွေ၊ အနီးနားက တရားရုံးဆိုင်ရာ ရဲဌာနချုပ်၊ ရှောင်အလီ လမ်းမကြီးပေါ်က ခရစ်မတ် ဈေးရောင်းပွဲနဲ့ ဒစ္စနီလန်း အပန်းဖြေ ဥယာဉ်တို့ ဖြစ်နိုင်တယ်လို့ ပြင်သစ် မီဒီယာတွေကရေး ပါတယ်။

အဲဒီထဲက စထရားဘတ်မြို့မှာ မိသူတွေဟာ မြောက်အာဖရိက နွယ်ဖွား ပြင်သစ်နိုင်ငံသား တွေဖြစ်ပြီး အသက် ၃၀ဝန်းကျင်ရှိပါတယ်။ သူတို့ထဲက ၂ယောက်က မနှစ်တုန်းက ဆီးရီးယားကို သွားခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေ ကပြောပါတယ်။ မာဆဲမြို့မှာဖမ်းမိတဲ့သူကတော့ မော်ရိုကို နိုင်ငံသားဖြစ်ပြီး ကျန်၎ယောက်ကို မသိပေမယ့် နေရာတခုထဲကနေ သူတို့အားလုံးကို ညွှန်ကြားချက်တွေ ပေးနေတာ ဖြစ်ပါတယ်။

ဒီအဖွဲ့ကို နောက်ယောင်ခံနေတာ လနဲ့ချီနေပြီး သွေးထွက်သံယိုမှု မဖြစ်မနေလုပ်တော့မှာမို့ ရဲကဖမ်းလိုက်ရတာ လို့လည်း အမှုလိုက် အရာရှိချုပ်ကပြောပါတယ်။ ပြင်သစ်နိုင်ငံမှာမနှစ်က နိုဝင်ဘာတုန်းက အကြမ်းဖက် တိုက်ခိုက်မှုအတွင်း လူပေါင်း ၁၃၀ကျော် သေဆုံးပြီးနောက် အခုချိန်အထိ အရေးပေါ် အခြေအနေ အောက်မှာ ရှိနေပါတယ်။

BBC Burmese
http://www.bbc.com/burmese
ပြင်သစ်မှာ အကြမ်းဖက်တိုက်ခိုက်မှု အစီအစဉ်ဖြိုခွင်း ပြင်သစ်မှာ အကြမ်းဖက်တိုက်ခိုက်မှု အစီအစဉ်ဖြိုခွင်း Reviewed by THITHTOOLWIN on 07:56 Rating: 5
Powered by Blogger.