မောင်တောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် စီးနင်းတိုက်ခိုက် သူများနှင့် ထိတွေ့တိုက်ပွဲဖြစ်


နေပြည်တော်၊ နိုဝင်ဘာ ၁၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များအတွင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများအား အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် အကြမ်းစီးနင်းတိုက်ခိုက်သူများက ၀င်ရောက်စီးနင်းတိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့များက အဆိုပါနယ်မြေများအတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ ခိုအောင်းနေထိုင်မှုမရှိစေရေးနှင့် နယ်မြေဒေသ လုံခြုံအေးချမ်းရေးအတွက် ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်စဉ် ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်၌ မောင်တောမြို့နယ်၊ မယင်းတောင်ကျေးရွာအနီးသို့အရောက် လက်နက်ငယ်နှင့် ဓားလှံ၊ မှိန်းများ ကိုယ်စီကိုင်ဆောင်ထားသည့် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူစုစုပေါင်း ၆၀ ဦးခန့်နှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ မိမိစစ်ကြောင်းမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများသည် ကျေးရွာ၏အနောက်တောင်ဘက် ဂွဆုံကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ဖြစ်စဉ်၌ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများထံမှ အောက်တိုဘာ ၉ ရက် ကျီးကန်းပြင် နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်မှ ယူဆောင်သွားသည့် ဘီအေ ၉၄ သေနတ် ၁ လက်နှင့် ဆက်စပ်ခဲယမ်းပစ္စည်းများနှင့်အတူ အလောင်း ၆ လောင်းရရှိခဲ့ပြီး စစ်သည် ၁ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရကာ အရာရှိ၊ စစ်သည်အချို့ဒဏ်ရာရရှိခဲ့သည်။ အဆိုပါစစ်ကြောင်းမှ ဆက်လက်ရှင်းလင်းရာ ယနေ့နံနက် ၁၀ နာရီခွဲချိန်ခန့်တွင် ပွင့်ဖြူချောင်းကျေးရွာသို့အရောက် ကျေးရွာအတွင်းမှ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် တပ်မတော်စစ်ကြောင်းက ပစ်ခတ်ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများက ပွင့်ဖြူချောင်းကျေးရွာအား မီးရှို့၍ ဂွဆုံကျေးရွာဘက်သို့ ဆုတ်ခွာသွားခဲ့သည်။ ပွင့်ဖြူကျေးရွာအတွင်းမှ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများဟု ယူဆရသော ဘင်္ဂါလီအမျိုးသား ၃၆ ဦးအား ဖမ်းဆီးရရှိခဲ့ပြီး ဥပဒေအရအရေးယူနိုင်ရေး အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်သို့ ပို့ဆောင်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဂွဆုံကျေးရွာသို့ဆုတ်ခွာသွားသော အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများအား ပိတ်ဆို့ရှင်းလင်းရန် အခြား တပ်မတော် စစ်ကြောင်းတစ်ကြောင်းမှ ချီတက်ရှင်းလင်းရာ ဂွဆုံကျေးရွာအနီးသို့ နေ့လယ် ၂ နာရီ ၁၅ မိနစ်ချိန်ခန့်အရောက် လက်နက်ငယ်နှင့် ဓား၊ လှံ၊ မှိန်းများ ကိုယ်စီကိုင်ဆောင်ထားသည့် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ခန့်မှန်း အင်အား ၅၀၀ ဦးခန့်တို့မှ တပ်မတော်စစ်ကြောင်းအား စတင်၍ ၀ိုင်းဝန်းပစ်ခတ်တိုက်ခိုက်ရာ တပ်မတော်စစ်ကြောင်းကလည်း အဖွဲ့ခွဲ၍ ပြန်လည်ပစ်ခတ် တိုက်ခိုက် ခဲ့သော်လည်း အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ အင်အားများပြားမှုကြောင့် တပ်မတော်(လေ)မှ အမ်အိုင် ၂ ရဟတ်ယာဉ် ၂ စီးဖြင့် ညနေ ၃ နာရီခွဲမှ ၄ နာရီ ၁၅ မိနစ်ခန့်အထိ ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ ဂွဆုံကျေးရွာအတွင်းသို့ ဆုတ်ခွာထွက်ပြေးခဲ့ပါသည်။

 ကျေးရွာအတွင်းသို့ ဆုတ်ခွာသွားသော အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများနောက်သို့ တပ်မတော်စစ်ကြောင်းများက ဆက်လက် ၀ိုင်းပတ်ပိတ်ဆို့ ရှင်းလင်းလျက်ရှိကြောင်းနှင့် အဆိုပါဖြစ်စဉ်၌ တပ်မတော်မှ စစ်ကြောင်းမှူး ၁ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia/
မောင်တောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် စီးနင်းတိုက်ခိုက် သူများနှင့် ထိတွေ့တိုက်ပွဲဖြစ်  မောင်တောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် စီးနင်းတိုက်ခိုက် သူများနှင့် ထိတွေ့တိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 21:55 Rating: 5
Powered by Blogger.