ရန်ကုန်မြို့ ကမ်းနားလမ်းညဈေး နိုဝင်ဘာ ၂၁ ရက်တွင် ဖွင့်လှစ်မည်


ရန်ကုန် နိုဝင်ဘာ ၁၃

ရန်ကုန်မြို့၏ အဓိကလမ်းမကြီးများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလ လမ်းနှင့် ကုန်သည်လမ်းတို့မှ လမ်းဘေးဈေး သည်များအား ကမ်းနားလမ်းသို့ပြောင်းရွှေ့ကာ ညဈေးတန်း အဖြစ် မကြာမီဖွင့် လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးသန်းက ပြောသည်။

''ဒီအဓိကလမ်းမကြီးလေးလမ်းမှ လမ်းဘေးဈေးသည်တွေကို စည်းကမ်း တကျဖြစ်အောင် ကမ်းနားလမ်း တစ်လျှောက် ညဈေးတန်းအဖြစ် နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းမှစပြီး ဖွင့်လှစ်ခွင့်ပေးသွားမှာဖြစ်ပါတယ်။ စာရင်းအရ ဆိုင်ခန်းပေါင်း ၅ဝဝဝ ကျော်ရှိပါတယ်။ ဆိုင်ခန်းအားလုံး စည်းကမ်း တကျ ရောင်းချခွင့်ပေးသွား မှာဖြစ်ပါတယ်'' ဟု တွဲဖက်အတွင်းရေးမှူး ဦးသန်းက စည်ပင်အမှိုက်ကောက်ပြိုင်ပွဲတွင် ပြောသည်။

အဆိုပါလမ်းမကြီးလေးခုမှာ စာရင်းကောက်ယူထားသောဆိုင်များကို ဆိုင်ခန်းများနေရာချထားရာတွင် မြို့နယ်အလိုက် ချထားပေး မည် ဖြစ်ကြောင်း၊ ကျောက်တံတားမြို့နယ်တွင် ရောင်းချသူများသည် ကျောက်တံတားဧရိယာနှင့် သက်ဆိုင်သောကမ်းနားလမ်း တွင် ရောင်းချခွင့်ပေး မည်ဖြစ်ကြောင်း၊ အလားတူ ပန်းဘဲတန်း၊ လသာ အစရှိသဖြင့် မြို့နယ်အလိုက် မူလတည်ရှိနေသော မြို့နယ်၏ကမ်းနားလမ်းတွင်သာ ရောင်းချ ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ ဆိုင်ခန်းများကို ကမ်းနားလမ်းတွင် ရှစ်ပေပတ်လည်နှင့် (၈x၄)ပေ ဆိုင်ခန်းများ သတ်မှတ်ပေးထားကြောင်း၊ ဆိုင်ခန်းများ မီးအလင်းရောင်ကောင်းစွာရရှိစေရန်၊ Area Lamp မီးတိုင်ကြီး အတိုင် ၄ဝ လည်း စိုက်ထူပေးထားပြီဖြစ်ကြောင်း၊ ရေလိုအပ်သော ဆိုင်များအတွက်လည်း စီစဉ်ထား ပြီဖြစ်ကြောင်း၊ Mobile Toilet များလည်း ဆောက် လုပ်နေပြီဖြစ်ကြောင်း ဈေးရောင်းသူများအနေဖြင့် ညနေပိုင်းမှစတင်ကာ ည ၁၁ နာရီ ခွဲဝန်းကျင်အထိ ရောင်းချခွင့်ပေးမည်ဖြစ်ကြောင်း၊ ဈေးရောင်းပြီးပါက မိမိဆိုင်အမှိုက် မိမိသိမ်းဆည်းခဲ့ရမည်ဖြစ်ကြောင်း၊ အမှိုက်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပတ်ဝန်းကျင်ရေးရာဌာနက သိမ်းဆည်းကာ ရေဆေးရှင်းလင်းမှုများ နေ့စဉ် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်သည် လောလောဆယ် မြို့တွင်းအဓိက လမ်းမကြီးများ မှ ဈေးသည်များအား ပြောင်းရွှေ့ဖွင့်လှစ်ခွင့် ပေးခြင်းဖြစ်ကြောင်း၊ နောက်ပိုင်းတွင် အခြားသောမြို့နယ် နှင့် လမ်းကြားဈေးသည် များကို လည်း မြေလွတ်ရှိသော အခြေ အနေပေးသည့်နေရာများတွင် ပြောင်းရွှေ့ကာ ညဈေးတန်း များ အဖြစ် ပြောင်းရွှေ့ဖွင့်လှစ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဓိကလမ်းမကြီး လေးလမ်းမှ လမ်းဘေးဈေးသည်များ အား စာရင်းကောက် ယူထားရာ ဆိုင်ပေါင်း ၅ဝဝဝ ကျော်ရှိပြီး မိမိတို့မြို့နယ်အလိုက် ကမ်းနား လမ်းတွင် ညဈေးအဖြစ် ပြောင်းလဲရောင်းချခွင့်ပေးမည်ဖြစ်သည်။
အဆိုပါ ကမ်းနား လမ်းညဈေးသစ် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၁ ရက်ညနေ ပိုင်းတွင် ဖွင့်လှစ်သွားရန် စီစဉ်ထား ကြောင်း သိရသည်။

သတင်း-မြင့်မောင်စိုး
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ရန်ကုန်မြို့ ကမ်းနားလမ်းညဈေး နိုဝင်ဘာ ၂၁ ရက်တွင် ဖွင့်လှစ်မည် ရန်ကုန်မြို့ ကမ်းနားလမ်းညဈေး နိုဝင်ဘာ ၂၁ ရက်တွင် ဖွင့်လှစ်မည် Reviewed by THITHTOOLWIN on 18:35 Rating: 5
Powered by Blogger.