လူတိုင်းတန်ဖိုးရှိတယ် လို့ ဒေါ်အောင်ဆန်း စုကြည် ပြောကြား

နေပြည်တော်မှာ နိုဝင်ဘာလ ၂၃ ရက်နေ့ကကျင်းပတဲ့ ပထမအကြိမ် မြန်မာနိုင်ငံ ဥာဏ်ရည်မသန်စွမ်းသူများဆိုင်ရာ ပညာရေး ညီလာခံမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်။ Photo: Myanmar State Counsellor Office
မသန်စွမ်းသူတွေအပါအဝင် လူတစ်ဦးချင်းစီရဲ့ ဘ၀တိုင်းဟာ တန်ဖိုးရှိကြတာချည်းဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) မှာ မနေ့မနက်ကကျင်းပခဲ့တဲ့ ပထမအကြိမ် မြန်မာနိုင်ငံ ဥာဏ်ရည်မသန်စွမ်းသူများဆိုင်ရာ ပညာရေးညီလာခံ ဖွင့်ပွဲအခမ်းအနား မှာ ပြောကြားခဲ့တာပါ။

ဥာဏ်ရည်မသန်စွမ်းတဲ့ ကလေးသူငယ် လူငယ် လူကြီးတွေအတွက် အရေးအကြီးဆုံးက မိမိတို့ရဲ့ဘ၀တွေ တန်ဖိုးရှိတယ်ဆိုတာ လက်ခံယုံကြည်ဖို့ဖြစ်ပြီး၊ လူ့အသိုင်းအ၀ိုင်းတရပ်လုံးကလည်း အလားတူ ယုံကြည်လက်ခံကြ ဖို့လိုကြောင်း၊ စိတ်ပညာအရ ပုံမန်လို့သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တိုင်းမှာ အားနည်းချက်တွေ၊ တနည်းနည်းနဲ့ မသန် စွမ်းတာတွေ ရှိကြစမြဲဖြစ်ကြောင်း၊ အဲဒီအားနည်းချက်တွေကို ကျော်လွှားဖို့ ပထမဆုံး လိုအပ်ချက်က ကိုယ့်မှာအား နည်းချက်ရှိတယ်ဆိုတာ အသိအမှတ်ပြုဖို့ဖြစ်ပြီး၊ ဒါမှာသာ အားနည်းချက်ကို ဘယ်နည်းနဲ့ ကျော်လွှားနိုင်မယ်ဆိုတာ ဆုံးဖြတ်နိုင်မှာဖြစ်ကြောင်း၊ ဒီလိုမဟုတ်ဘဲ အားငယ်စိတ်ကနေ နာကျည်းစိတ်ဖြစ်သွားမယ်ဆိုရင် လမ်းလွဲ သွားတော့မှာဖြစ်လို့ ဘေးကနေ စာနာစိတ်နဲ့ ၀ိုင်းဝန်းထိန်းကွပ်ပေးကြဖို့၊ တခြားလူတွေနဲ့ တန်းတူအခွင့်အရေးရဖို့ အားလုံးက ၀ိုင်းဝန်းပံ့ပိုးပေးကြစေလိုကြောင်း၊ အရေးအကြီးဆုံးက လေးစားမှုဖြစ်ကြောင်း၊ အခုအခါ နည်း ပညာတွေ တိုးတက်လာနေပြီဖြစ်လို့ မသန်စွမ်းသူတွေရဲ့ ဘဝအခြေအနေ သန်စွမ်းပြည့်စုံလာဖို့ အခွင့်အလမ်းတွေ အများအပြားရှိလာပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
လူတိုင်းတန်ဖိုးရှိတယ် လို့ ဒေါ်အောင်ဆန်း စုကြည် ပြောကြား  လူတိုင်းတန်ဖိုးရှိတယ် လို့ ဒေါ်အောင်ဆန်း စုကြည် ပြောကြား Reviewed by THITHTOOLWIN on 19:29 Rating: 5
Powered by Blogger.