မောင်တောမြောက်ပိုင်းမှာ နေရာ သုံးခုမှာ တိုက်ပွဲပြန်ဖြစ်

 မောင်တော အခြေအနေ ပြန်လည် လှုပ်ရှား
စနေနေ့ မနက်က မောင်တောမြို့နယ် မြောက်ပိုင်းမှာ တပ်မတော်စစ်ကြောင်းနဲ့ အကြမ်းဖက် အဖွဲ့တဖွဲ့ အကြား တိုက်ပွဲ ဖြစ်ပွားရာမှာ လက်နက်ကြီးတွေ သုံးရတဲ့ထိ ပြင်းထန်ခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲ ဖြစ်ပွားသံတွေ မကြားရတော့တဲ့ အတွက် နယ်မြေ အခြေအနေ တည်ငြိမ်နေပြီလို့ ဒေသ အာဏာပိုင်တွေက ပြောဆိုနေချိန်မှာပဲ မောင်တောမြို့နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

သေနတ်ပစ်ခတ်သံ တွေကို အချိန် ၂ နာရီ ကျော်ထိ ကြားခဲ့ရပြီး လက်နက်ကြီးနဲ့ ပစ်တဲ့ အသံ ၁ဝ ချက်လောက် ကြားရတယ်လို့ အနီးဆုံးရွာတခု ဖြစ်တဲ့ ရွက်ညိုးတောင် ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပြပါတယ်။

နေရာ သုံးခုမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးတွေပါ သုံးခဲ့ရတဲ့ အတွက် အနီးပတ်ဝန်းကျင် ရွာတွေ အားလုံးက ကြားခဲ့ရတာ ဖြစ်ပါတယ်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ဆက်သွယ် မေးမြန်းတော့ တပ်က နယ်မြေ ရှင်းလင်းရေး လုပ်နေစဉ် တဘက်က စပစ်တာ ဖြစ်ပြီး တပ်ဘက်က တယောက် ဒဏ်ရာရသလို အကြမ်းဖက် ဘက်က ၂ ယောက် သေတယ်လို့ ကြားရကြောင်း နယ်မြေ တာဝန်ရှိသူ တဦးက ပြောပါတယ်။

အခု မောင်တောမြို့နယ် အတွင်းမှာ တပ်မတော်နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့ နယ်မြေ ရှင်းလင်းရေးတွေ လုပ်နေသလို တပ်မတော်ရဲကလည်း နတ်မြစ်အတွင်း ကင်းလှည့်မှုတွေ ပြုလုပ်နေပါတယ်။

သောကြာနေ့ ညနေ ၅ နာရီခန့်ကတော့ ဘကုန်းနား မွတ်ဆလင် ရွာက ညီအစ်ကိုနှစ်ဦးကို မဆွေဇင် ဖေ့စ်ဘုတ်ကို နာမည်ကို သုံးပြီး နိုင်ငံတော်နဲ့ တပ်မတော်ကို အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။

တဘက်နိုင်ငံကို လှေနဲ့ ဖြတ်ကူးတဲ့ တဦး၊ လှဖိုးခေါင် ကျေးရွာသားတဦးနဲ့ ခမောင်းဆိပ် ကျေးရွာက မသင်္ကာဖွယ်ရာ ဒီမိုဟာမတ်၊ မော်လဝီဆော်ဘီအာလောင် ၊ မာမတ်အာလောင် တို့ ၃ ဦးကို ဖမ်းဆီးရမိတယ်လို့ သက်ဆိုင်ရာက သတင်း ထုတ်ပြန်ထားပါတယ် ။

BBC Burmese
http://www.bbc.com/burmese
မောင်တောမြောက်ပိုင်းမှာ နေရာ သုံးခုမှာ တိုက်ပွဲပြန်ဖြစ်  မောင်တောမြောက်ပိုင်းမှာ နေရာ သုံးခုမှာ တိုက်ပွဲပြန်ဖြစ် Reviewed by THITHTOOLWIN on 21:14 Rating: 5
Powered by Blogger.