အဖြေလွှာများမီးရှို့ခံရမှု ကျောင်းသားများ နစ်နာမှုမရှိအောင် ဆောင်ရွက်ရန် ညွှန်ကြားထား ဟု ဆို


မန္တလေး၊ နိုဝင်ဘာ ၅။

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ ကျောက်ဆည် နည်းပညာတက္ကသိုလ် မှ အဖြေလွှာစာရွက်များ မီးရှို့ခံရမှု ဖြစ်ရာ စာမေးပွဲဖြေဆိုထားသော ကျောင်းသားများနှင့် ပတ်သတ်၍ ယင်းကျောင်းသားများ နစ်နာမှုမရှိအောင် ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ပညာရေးဝန်ကြီဋ္ဌာန ဝန်ကြီးရုံး မှ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက ပြောသည်။

"ကျွန်တော်တို့ က ပေါ်လစီပိုင်းပဲ ညွှန်ကြားထားတာပါ။ အဓိကအကြောင်းကတော့ ကျောင်းသား ကျောင်းသူတွေ မနစ်နာအောင် ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ် ။ ဘယ်လိုဆောင်ရွက်မယ်ဆိုတာကတော့ ကျောင်းမှာရှိတဲ့ တာဝန်ရှိသူတွေကပဲ ဖြေကြားနိုင်မှာဖြစ်တယ်"ဟု ဒေါက်တာခိုင်မြဲ က ဆက်လက် ပြောသည်။

အဖြေလွှာစာရွက်များကို စက်တင်ဘာလ ၃၀ ရက်နေ့ က မီးရှို့ဖျက်စီးခံခဲ့ရပြီး ယင်းမီးရှို့ဖျက်စီးသူမှာ ဒုတိယနှစ် (Mechanical) ကျောင်းသား မောင်သိန်းထိုက်အောင် ဖြစ်ကာ ရာဇသတ်ကြီး ပုဒ်မ ၃၄၆ ဖြင့် အမှုရင်ဆိုင်နေရသည်။

နည်းပညာတက္ကသိုလ် စာမေးပွဲ အောင်စာရင်းများ နိုဝင်ဘာလ (၆) ရက်နေ့တွင် ထွက်မည်ဖြစ်ပြီး ကျောင်းသားများအနေဖြင့် မည်သို့ဆောင်ရွက်မည်ဆိုတာ မသိရှိသေးကြောင်း သိရသည်။

"ကျောင်းမှာတော့ ဒီအဖြေလွှာစာရွက်မီးရှို့ခံရမှုနဲ့ ပတ်သတ်ပြီး ဘာမှ ပြောတာ ကြေငြာတာမရှိပါဘူး" ဟု ကျောက်ဆည်နည်းပညာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ကိုကျော်ဆန်းဝင်းက ပြောသည်။

ဖြစ်စဉ်မှာ နံနက် ၁၀ နာရီ ၃၀မိနစ်က ကျောက်ဆည် နည်းပညာတက္ကသိုလ် သုံးထပ်ဆောင်အဟောင်း မြေညီထပ် အခန်းအမှတ် (R-1-10) အတွင်း မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းရသည့်အတွက် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ နယ်မြေခံရဲတပ်ဖွဲ့တို့မှ သွားရောက်စစ်ဆေးရာ ဓာတ်ဆီလောင်းမီးရှို့ခံရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းအဖြေလွှာစာရွက်ထားသည့် အခန်းမှာ တံခါးနှစ်ထပ် သော့ခတ်ထားခြင်းဖြစ်ပြီး ပထမဘာဂျာတံခါးသော့ နှင့် ဒုတိယ မှန်တံခါးသော့တို့ကို ဒိုင်းလွှဖြင့်ဖြတ်တောက်၍ ဝင်ရောက်ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မီးလောင်ပျက်စီးသွားသည့် အဖြေလွှာစုစုပေါင်း ၆၅၁၀ စောင်ရှိပြီး စစ်ဆေးစဲ အဖြေလွှာ စာရွက် ၁၄၃၁ စောင် ၊ စစ်ဆေးပြီးအဖြေလွှာစာရွက် ၃၇၅၆ စောင် ၊ မစစ်ဆေးရသေးသည့် အဖြေလွှာ ၁၃၂၄ စောင်ရှိကြောင်း သိရသည်။

နိုင်လင်းဦး
Central News Myanmar
https://www.facebook.com/CNMyanmar
အဖြေလွှာများမီးရှို့ခံရမှု ကျောင်းသားများ နစ်နာမှုမရှိအောင် ဆောင်ရွက်ရန် ညွှန်ကြားထား ဟု ဆို  အဖြေလွှာများမီးရှို့ခံရမှု ကျောင်းသားများ နစ်နာမှုမရှိအောင် ဆောင်ရွက်ရန် ညွှန်ကြားထား ဟု ဆို Reviewed by THITHTOOLWIN on 21:31 Rating: 5
Powered by Blogger.