ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာမှ သုံးဦးသေ၊ တစ်ဦးဒဏ်ရာရ


မော်လမြိုင်၊ နိုဝင်ဘာ ၁၁ ။ ။ မော်လမြိုင်-ရန်ကုန်အဝေးပြေးကားလမ်းပေါ်ရှိ မုတ္တမမြို့၊ ကျခတ်ငူကျေးရွာအုပ်စု၊ လက်ပံရွာတွင် နိုင်ဝင်ဘာ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ အမျိုးသားသုံးဦးသေဆုံးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မုတ္တမနယ်မြေရဲစခန်းမှူး ရဲအုပ်အောင်မင်းကြည်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

ပေါင်မြို့မှ မုတ္တမဘက်သို့ မောင်းလာသော ကျခတ်ငူကျေးရွာနေ ကိုဝင်းထွန်း၏ ဆိုင်ကယ်နှင့် မုတ္တမဘက်မှ ပေါင်မြို့ဘက်သို့ မောင်းလာသော သဲကုန်းကျေးရွာနေ ဦးနေလင်းအောင်၏ ဆိုင်ကယ်သည် မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းဆိုင်ကယ်နှစ်စီးတွင် လူနှစ်ဦးစီး လိုက်ပါစီးနင်းလာခြင်းဖြစ်ပြီး ယာဉ်တိုက်မိမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ဦးနေလင်းအောင်၊ ကိုဝင်ထွန်းနှင့် ကိုအောင်ချမ်းတို့မှာ ဒဏ်ရာများဖြင့် သေဆုံးခဲ့ရကြောင်းနှင့် ဒေါ်ယုယုစန်းမှာ ညာဘက်ပေါင်ကျိုးဒဏ်ရာ၊ ဖူးရောင်ပွန်းပဲ့ဒဏ်ရာများဖြင့် မော်လမြိုင် ဆေးရုံကြီးတွင် ဆေးကုသနေရခြင်း ဖြစ်ကြောင်း မုတ္တမနယ်မြေရဲစခန်းမှူး ရဲအုပ်အောင်မင်းကြည်က ပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွား၍ သေဆုံးခဲ့သည့် ဆိုင်ကယ်ယာဉ်မောင်းများဖြစ်သော ဦးနေလင်းအောင်နှင့် ကိုဝင်ထွန်းတို့ကို မုတ္တမနယ်မြေရဲစခန်း၌ ယာဉ် (ပ) ၃၆/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ - ၃၀၄(က)/၃၃၈ အရ အမှုဖွင့်ထားကြောင်း ယင်းနယ်မြေရဲစခန်းမှ သိရသည်။

ခေတ်မင်း
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation/
ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာမှ သုံးဦးသေ၊ တစ်ဦးဒဏ်ရာရ ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာမှ သုံးဦးသေ၊ တစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 20:04 Rating: 5
Powered by Blogger.