ရန်ကုန်အနောက်တောင်မြို့သစ်စီမံကိန်းကို ပြန်လည် အကောင်အထည်ဖော်မည်

စီမံကိန်းနေရာတွင်ပါဝင်သည့် ရပ်ကွက်တစ်ခု (ဓာတ်ပုံ - ငယ်ထွေး)
ရန်ကုန်၊ နိုဝင်ဘာ ၄။

ရန်ကုန်အနောက်တောင်မြို့သစ်စီမံကိန်းကို နှစ်အလိုက် အဆင့်ဆင့် ပြန်လည် အကောင်ထည်ဖော်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မာင်စိုးက နိုဝင်ဘာ ၄ရက်တွင်ပြုလုပ်သော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၄ရက်မြောက်နေ့တွင် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းရှိ တွံတေး၊ ကြည့်မြင်တိုင်၊ဆိပ်ကြီးခနောင်တိုမြို့နယ်(၃)ခုတို့တွင် ရန်ကုန်မြို့သစ်စီမံကိန်းအား အစိုးရအဖွဲ့မှ မည်ကဲ့သို့ အကောင်အထည်ဖော်လုပ်ဆောင်မည်ကို သိရှိလိုကြောင်း တွံတေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးက လွှတ်တော်၌ မေးခွန်းမေးမြန်းရာ မြို့တော်ဝန်ကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်၏ တင်ပြမှုတွင် ရန်ကုန်မြို့သစ်စီမံကိန်း ပြုလုပ်ရန်အတွက် ယခင်အစိုးရလက်ထက် ပထမအကြိမ်လွှတ်တော်တွင် အဆိုတင်သွင်းပြီး လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်မှုဖြင့် စီမံကိန်းဖော်ဆောင်ရန် သဘောတူညီမှု ရရှိခဲ့သောကြောင့် လုပ်ဆောင်မည့် ကုမ္ပဏီများကိုပင် တင်ဒါခေါ်ယူခဲ့ပြီးဖြစ်သောကြောင့် လက်ရှိအစိုးလက်ထက်တွင် ဆက်လက်အကောင်ထည်ဖော်ရန် ရှိမရှိကို ဒေသခံ ပြည်သူများမှ သိရှိလိုသောကြောင့် မေးမြန်းခြင်းဖြစ်ကြောင်း လွှတ်တော်အတွင်း ပြောကြားသည်။

''အခုမေးခွန်းဟာ ရန်ကုန်မြို့မှာရှိတဲ့ ပြည်သူတွေအတွက် အလွန်အရေးပါတဲ့ မေးခွန်းပါ။ ရန်ကုန်မြို့ဟာ နှစ်စဉ်လူဦးရေတိုးတတ်မှုကြောင့် မြို့တိုးချဲ့မှု မဖြစ်မနေ လုပ်ဆောင်ရမှာပါ။ ဒါကြောင့် ရန်ကုန်အနောက်တောင်မြို့သစ်စီမံကိန်းကို လုပ်ဆောင်မှာပါ။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့ master plan ရေးဆွဲနေပါတယ်။အခုမြို့သစ်စီမံကိန်းကို နှစ်အလိုက်တစ်ဆင့်ခြင်း လုပ်ဆောင်သွားမှာပါ"ဟု
ရန်ကုန်မြို့တော်ဝန်က ပြန်လည်ဖြေကြားသည်။

စီမံကိန်း ပြန်လည် ဖော်ဆောင်ပါကလယခင် အစိုးရလက်ထက်က တင်ဒါအောင်မြင်ခဲ့သော အနောက်တောင်ဒေသ ဖွံဖြိုးရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ၊ Bussiness Capital City development ကုမ္ပဏီ၊
ရွှေပုပ္ပါး အင်တာနေရှင်နယ်ဆောက်လုပ်ရေး ကုမ္ပဏီတို့ သာမက အခြား ကုမ္ပဏီများကိုလည်း ခေါ်ယူမည်ဖြစ်ပြီး တိုင်းအစိုးရအဖွဲ့၏ သတ်မှတ်စည်းကမ်းများကို လိုက်နာမည့် ကုမ္ပဏီများဖြင့်သာ အကောင်ထည်ဖေါ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ၏ လူနေမှုဘဝ မြင့်မားရေးကိုသာ အဓိကထား ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းပြုလုပ်မည့် နေရာသည် ရန်ကုန်မြို့ ဆိပ်ကမ်းတောင်စွန်းပင်လယ်ဝတွင် ပြုလုပ်မည့် ရေနက် ဆိပ်ကမ်းစီမံကိန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ငရုတ်ကောင်းမြို့အနီးရှိ ပင်လယ်နက်ဆိပ်ကမ်းစီမံကိန်းများ
ပြုလုပ်ပါက စီးပွားရေးမဟာဗျူဟာဖြစ်သည့် နေရာများဖြစ်ကာ အလွန်ဖွံ့ဖြိုးတိုးတတ်သွားမည်ဖြစ်ကြောင်း
မြို့တော်ဝန်က ဆက်လက်ပြောကြားသည်။

ရန်ကုန်အနောက်တောင်မြို့သစ်စီမံကိန်းကို ၂၀၁၄ခုနှစ်တွင် ပြုလုပ်သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်မှ စီမံကိန်းနှင့်ပက်သက်ပြီး လွှတ်တော်အတွင်း ရှင်းလင်းမှုပြုလုပ်ခဲ့ရာတွင် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့သောကြောင့် ပြန်လည် ရုပ်သိမ်းခဲ့ကာ ၂၀၁၅တွင် ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒဿမပုံမှန်အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန်က မဟာရန်ကုန်မြို့ပြ မဟာဗျူဟာစီမံကိန်းအား ထပ်မံတင်သွင်းခဲ့ရာတွင် ကိုယ်စားလှယ် သုံးဦးမှ ဆွေးနွေးခဲ့ပြီး ထောက်ခံမဲ ၁၁၃နှင့် ကန်ကွက်မဲ ၂မဲတို့ဖြင့် အဆိုအောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဟံသာဟိန်း
Central News Myanmar
https://www.facebook.com/CNMyanmar
ရန်ကုန်အနောက်တောင်မြို့သစ်စီမံကိန်းကို ပြန်လည် အကောင်အထည်ဖော်မည် ရန်ကုန်အနောက်တောင်မြို့သစ်စီမံကိန်းကို ပြန်လည် အကောင်အထည်ဖော်မည် Reviewed by THITHTOOLWIN on 20:18 Rating: 5
Powered by Blogger.