မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တံတားပြိုကျပျက်စီးနှင့် မြေပြိုမှုတွေ ဖြစ်ပွား


မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် R-C slap တံတားပြိုကျပျက်စီး

တံတားဦး နိုဝင်ဘာ - ၁၀

နိုဝင်ဘာ(၉)ရက်နှင့်(၁၀)ရက်နေ့တို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တံတားဦးမြို့နယ် အတွင်းရှိ သဲမောင်းကန် ကျေးရွာနှင့် ဥမှင်ကျေးရွာအကြား မြို့နယ်လမ်းဦးစီးဌာနပိုင် ကျောက်ဆည်-တံတားဦး လမ်းမိုင်တိုင် အမှတ် (၁၅/၇နှင့် ၁၆/၀) အကြားရှိ တံတားအမှတ်(၃/၁၆) အုတ်မြစ်တံတားမှာ ယနေ့နံနက်ပိုင်းက ပြိုကျပျက်စီးသွား ကြောင်းသိရသည်။

အဆိုပါတံတားမှာ အကျယ် ၅ပေ၊ အလျား ၂၄ပေ အုတ်မြစ်အမျိုးအစား R-C slap ဖြစ်ရာ မြို့နယ်လမ်း ဦးစီးဌာနပိုင် တံတားဖြစ်၍ ပြိုကျပျက်စီးသည့်တံတားနေရာသို့ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးမှူးကိုယ်တိုင် ကွင်း ဆင်းစစ်ဆေးခဲ့ပြီး လမ်းအားခေတ္တပိတ်ထားရကာ လမ်းအသုံးပြုသူများ သွားလာရေး အဆင်ပြေလွယ်ကူစေရန် ယာ ယီတံတားအား ကျောက်ကြီးစီ သဲကြပ်၍ ပြုလုပ်ဆောင်ရွက်ထားကြောင်း ပြိုကျပျက်စီးသွားသည့် တံ တားအား အခိုင်အမာ တည်ဆောက်နိုင်ရေး အတွက်လည်း ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

ရဲတင့် ပြန်/ဆက်


တပ်ကုန်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ချောင်းကူးတံတား ချင်းကပ်မြေ ရေစီးနှင့် မျောပါ

တပ်ကုန်း နိုဝင်ဘာ ၁၀

တပ်ကုန်မြို့နယ်တွင် နိုဝင်ဘာ ၁၀ ရက်နေ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အုန်းပင်ကျေးရွာအုပ်စု တောင်ပို့သာကျေးရွာနှင့် အုန်းပင်ကျေးရွာကြားရှိ အလျားပေ ၄၀x အနံပေ ၅၀ ရှိ လင်ငယ်ချောင်းကူး တံတား၏ တောင်ဘက် ချင်းကပ်မြေ ပေ ၅၀ ခန့်သည် ရေစီးနှင့် မျောပါသွားကြောင်းနှင့် ရှားတောကျေးရွာ မှ ဆင်သေချောင်း ကမ်းဘေးရှိ (၄x၃) ဝင် လူနေအိမ်တစ်လုံး ရေနောက်မျောပါသွားပြီး လူများအား ရေလွတ်ရာ သို့ ပြောင်းရွှေ့ထားကြောင်း၊ ဦးတင်ထွန်း+ဒေါ်မုန်းခင်တို့၏ သား မောင်ဇော်မင်းခိုင်သည် ဆင်သေချောင်းအတွင်း ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် ရေစီးနှင့် မျောပါသွားရာ ၁၂ နာရီ ၁၀ မိနစ်အချိန် တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

မြောက်မြိုက်အုပ်စု မြောက်မြိုက် အနောက်ကျေးရွာရှိ မူလတန်းကျောင်းသည် ရိုးရေကျိုးပေါက်မှုကြောင့် ကျောင်းအုတ်တံတိုင်း ၇၂ ပေ ပြိုကျ ပျက်စီးခဲ့ပြီး စာသင်ဆောင်များအတွင်းသို့ နုန်းရေများ ဝင်ရောက်ခဲ့ကြောင်း ကနဦး သတင်းအရ သိရှိရသည်။

တပ်ကုန်း (ပြန်/ဆက်)


ဟားခါးမြို့၌ မိုးရွာသွန်းမှုကြောင့် မြေသားပြိုကျမှုဖြစ်ပွား

ဟားခါး နိုဝင်ဘာ ၁၀

ဟားခါးမြို့၌ မိုးရွာသွန်းမှုကြောင့် ဟားခါး-ဂန့်ဂေါ လမ်း မိုင်တိုင် ၄၄ တွင် မြေသားများပြိုကျမှုများ ဖြစ်ပေါ်နေပြီး ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေး၊ လမ်းပိတ်ဆို့မှုမရှိစေရေး တို့အတွက် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဟားခါး (ပြန်/ဆက်)

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တံတားပြိုကျပျက်စီးနှင့် မြေပြိုမှုတွေ ဖြစ်ပွား မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တံတားပြိုကျပျက်စီးနှင့် မြေပြိုမှုတွေ ဖြစ်ပွား Reviewed by THITHTOOLWIN on 16:59 Rating: 5
Powered by Blogger.