မန္တလေးမြို့မှာ ကုန်တင်တွဲကား ညအိပ်ရပ်နားခွန်တွေ တိုးမြှင့်ကောက်ခံ

မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမပေါ် ဒွန်ဘန်ရွာမှာ ရပ်ထားတဲ့ ကုန်တင်ကားကြီးများကို စက်တင်ဘာ ၃၀ ရက်နေ့က တွေ့ရစဉ်
မန္တလေးမြို့ စည်ပင်နယ်နိမိတ်အတွင်းက လမ်းတွေပေါ်မှာ ညအိပ်ရပ်နားတဲ့ ကုန်တင်တွဲကားတွေကို ဒီလကစပြီး ညအိပ်ရပ်နားခတွေ အရင်ထက် နှစ်ဆနီးပါး တိုးမြှင့်ကောက်ခံလိုက်တဲ့ အတွက် ကုန်တင်ကားပိုင်ရှင်တွေ အခက်အခဲရှိနေကြပါတယ်။

ကုန်တင်ကားတွေ ရပ်နားရမယ့် ကားဝင်းက ကျဉ်းတဲ့အတွက် ကားဝင်းပြင်ပမှာ ရပ်နားရတာဖြစ်ပြီး အခုလို ညအိပ်ရပ်နားခွန် တိုးမြှင့်လိုက်တာ အဆင်မပြေကြောင်း မန္တလေးမြို့က ကုန်တင်တွဲ ကားပိုင်ရှင်တစ်ဦး က ပြောပါတယ်။

အရင်က ကုန်တင်တွဲကားတစ်စီးရဲ့ညအိပ်ရပ်နားခဟာ ငွေ ၇၀၀ ကျပ် သာ ပေးဆောင်ရတာဖြစ်ပြီး နိုဝင်ဘာလ တစ်ရက်နေ့ကစပြီး မန္တလေးတိုင်းဒေသကြီး မှတ်ပုံတင်ယာဉ်ဆိုရင် ငွေကျပ် ၂၅၀၀ ၊ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးက မှတ်ပုံတင်ယာဉ်တွေဆိုရင် ငွေကျပ် ၃၀၀၀ နှုန်းနဲ့ တိုးမြှင့် ကောက်ခံလိုက်တာဖြစ်ပါတယ်။

အခုလိုတိုးမြှင့်ကောက်ခံတာဟာ လမ်းတွေမှာညအိပ်ရပ်နားတဲ့ ကုန်တွဲကားတွေကြောင့် ယာဉ်ကြော ပိတ်တာ၊ အက်ဆီးဒင့်ဖြစ်တာတွေ လျော့နည်းသွားအောင် ရည်ရွယ်ပြီး ကောက်ခံတာဖြစ်တယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အခွန်ဌာနက ဌာနမှူး ဦးဝင်းမောင် က ပြောပါတယ်။

ကားဝင်းထဲမှာ ညအိပ်ရပ်နားမယ်ဆိုရင် ညအိပ်ရပ်နားခနဲ့ ကားဝင်း ၀င်ကြေး စုစုပေါင်း ငွေကျပ် ၂ထောင်ဝန်းကျင် ပေးဆောင်ရမှာဖြစ်တာကြောင့် ညအိပ်ရပ်နားခ ကျပ် ၇၀၀ လောက်သာ ပေးဆောင် ရတဲ့ ကားဝင်းပြင်ပမှာ ကုန်တွဲကားတွေက ရပ်နားတာဖြစ်တယ်လို့လည်း ဦးဝင်းမောင် က ပြောပါတယ်။

ကုန်တင်ကားတွေ ရပ်နားဖို့ နေရာပေးထားတဲ့ မန္တလေးမြို့က ပြည်ကြီးမင်္ဂလာကုန်တင်ယာဉ် ရပ်နားကွင်း အကျယ်ဟာ ရပ်နားတဲ့ ကုန်တင်ကားအစီးရေနဲ့ လုံလောက်မှုမရှိတာကြောင့် ကားကွင်းပတ်ဝန်းကျင်ကလမ်းဘေးတစ်လျှောက်မှာ ညအိပ်ရပ်နားကြတာဖြစ်ပါတယ်။ တစ်ရက်ကို ကုန်တင်ကားအစီးရေ ၅ ထောင်ဝန်းကျင်အထိ ညအိပ်ရပ်နားကြတာဖြစ်ပါတယ်။

ကုန်တင်တွဲကားအားလုံး ရပ်နားနိုင်မယ့် ယာဉ်ရပ်နားကွင်းကို ဆောင်ရွက်ပေးစေချင်တယ် လို့ ကုန်တင်ကားမောင်းသမားတွေက ပြောပါတယ်။ ကုန်တင်ကားရပ်နားကွင်းနဲ့ ရပ်နားမယ့် ကုန်တင်ယာဉ် မျှတအောင်ကုန်တင်ယာဉ်ရပ်နားကွင်းအသစ် တစ်ခုလုပ်ပေးနိုင်ဖို့ စီစဉ်နေတယ် လို့လည်း ဦးဝင်းမောင်က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

မန္တလေးမြို့မှာ ကုန်တင်တွဲကား ညအိပ်ရပ်နားခွန်တွေ တိုးမြှင့်ကောက်ခံ မန္တလေးမြို့မှာ ကုန်တင်တွဲကား ညအိပ်ရပ်နားခွန်တွေ တိုးမြှင့်ကောက်ခံ Reviewed by THITHTOOLWIN on 20:04 Rating: 5
Powered by Blogger.