စပါးဈေး အလွန်အမင်း ကျဆင်းမှုကြောင့် ဧရာဝတီတိုင်းရှိ လယ်သမားများ အရှုံးပေါ်

ဓာတ်ပုံ - အင်္ဂပူမြို့နယ်ရှိ စပါးစိုက်ခင်းတစ်ခုအား မြင်တွေ့ရစဉ် (Photo - The Ayeyarwaddy Times)
(ပုသိမ်) နိုဝင်ဘာ ၄ ၊

အကြမ်းစပါးဈေးနှုန်းမှာ ယမန်နှစ်ထက် ၂ သိန်းခန့် ကျဆင်းနေသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးရှိ မိုးစပါးစိုက်လယ်သမားများ အရှုံးပေါ်ကာ စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

"စပါးဈေးက တင်း ၁၀၀ မှ ၃ သိန်း ၅ သောင်းဈေးပဲရှိတယ်။ လယ်ထဲကို ထည့်ရင်းထားရတဲ့ငွေနဲ့ ပြန်ရမယ့်ငွေက ဘယ်လိုမှ မကိုက်တော့ဘူး။ ဒီဈေးနှုန်းနဲ့ဆို လယ်သမားတွေ သေချာပေါက်ရှုံးမှာပဲ"ဟု သာပေါင်းမြို့ နယ် ငါးဘတ်ချောင်းကျေးရွာမှ လယ်သမား ဦးမင်းထင် ကပြောသည်။

အကြမ်းစပါးများဖြစ်သည့် ဆင်းသုခ၊ မနောသုခ၊ မျိုးပွား၊ လိပ်မလေးစသည့် စပါးများမှာ ယမန်နှစ်က တင်း ၁၀၀ လျှင် ၆ သိန်းမှ ၇ သိန်းနီးပါးအထိဈေးရှိခဲ့သည့်အတွက် လယ်သမားများအဆင်ပြေခဲ့ကြသည်။

စပါးဈေးမြင့်တက်မှုနှင့်အတူ လယ်ယာလုပ်သားခ၊ ဒီဇယ်ဆီ၊ ဓာတ်မြေသြဇာ စသည့် သွင်းအားစုဈေးနှုန်းများလည်း မြင့်တက်ခဲ့ပြီး အဆိုပါ သွင်းအားစု အမြင့်ဈေးနှုန်းများနှင့် ရင်းနှီးစိုက်ပျိုးခဲ့သည့် ယခုနှစ် မိုးစပါးရာသီတွင် ဈေးကျမှုနှင့်ရင်ဆိုင်ရချိန်၌ လယ်သမားများ ပိုမိုအထိနာခဲ့ခြင်း ဖြစ်သည်။

စပါးဈေးကျဆင်းမှုအကြောင်းရင်းများမှာ ပြည်ပသို့ ဆန်စပါးတင်ပို့မှု လျော့ကျနေခြင်း၊ တရုတ်နိုင်ငံသို့ တရားမ၀င်တင်သွင်းသည့် မြန်မာ့ဆန်များကို တရုတ်အစိုးရက ဖမ်းဆီးနေခြင်း၊ ပြည်တွင်း၌ ဆန်နှင့် စပါးလက်ကျန် များနေခြင်းတို့ကြောင့်ဖြစ်ကြောင်း ဆန်ကုန်သည်များက ပြောသည်။

ထိုသို့ စပါးဈေးကျဆင်းနေမှုအခြေအနေအား ပြည်ထောင်စုအစိုးရအနေဖြင့် အလျင်အမြန် ဈေးကွက်ဝင်ရောက်ထိမ်းသိမ်းပေးစေလိုကြောင်း ဧရာဝတီတိုင်းရှိ လယ်သမားများက ပြောသည်။

The Ayeyarwaddy Times
https://www.facebook.com/ayetimes/
စပါးဈေး အလွန်အမင်း ကျဆင်းမှုကြောင့် ဧရာဝတီတိုင်းရှိ လယ်သမားများ အရှုံးပေါ်  စပါးဈေး အလွန်အမင်း ကျဆင်းမှုကြောင့် ဧရာဝတီတိုင်းရှိ လယ်သမားများ အရှုံးပေါ် Reviewed by THITHTOOLWIN on 23:24 Rating: 5
Powered by Blogger.