ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ရှိ စီးပွားရေးဆန်သော နှစ်ရှည်ကန်ထရိုက် ၁၄ မျိုး ပယ်ဖျက်


ရန်ကုန် နိုဝင်ဘာ ၂၁

ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ဘုရားဖူးပြည်သူများ စိတ်နှလုံးချမ်းမြေ့စွာ ဘုရားဖူးနိုင်ရေးအတွက် စီးပွားရေး ဆန်သောအနှစ် ၂ဝ၊ အနှစ် ၃ဝ ရေရှည်ကန်ထရိုက်စာချုပ် ပေါင်း ၁၄ မျိုးကို ပယ်ဖျက်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဂေါပကအဖွဲ့ဟောင်းကို ဖျက်သိမ်းခဲ့ပြီး အင်ဂျင်နီယာ၊ ဆရာဝန်၊ စာရင်းအင်းပညာရှင်၊ ဥပဒေ ပညာရှင် စသည့်ပုဂ္ဂိုလ်များပါဝင်သော ယာယီဂေါပက အဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။ ခေတ်ကာလနှင့် မလျော်ညီသော ဂေါပကစည်းမျဉ်းကိုလည်း ပြင်ဆင်ရေးဆွဲကာ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဥပဒေအကြံပြုချက်များ ရယူ၍ ဂေါပက စည်းမျဉ်းအတည်ပြုချက်ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများအား တင်ပြလျှောက်ထားသည်။

ယနေ့နံနက်က ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ မဟာဝိဇယ ဓမ္မသဘင်၌ ကျင်းပသည့် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဒွါဒသမအစည်းအဝေးတွင် ဆရာတော်ကြီးများအား ပြည်ထောင်စုဝန်ကြီးက ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဆိုင်ရာများ သီးသန့်လျှောက်ထားလွှာတွင် ထိုသို့ထည့်သွင်းတင်ပြလျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ကျိုက်ထီးရိုးစေတီတော် ဝတ္တကမြေအတွင်း စည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်မှုမရှိသည့် စီးပွားရေးလုပ်ငန်းများကို တည်ဆဲ ဥပဒေ၊ အမိန့်၊ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာ တရားရုံးများတွင် တရားစွဲဆိုဆောင်ရွက်သွားရန်နှင့် ခွင့်ပြုချက်မဲ့၊ ဥပဒေမဲ့ လုပ်ဆောင်နေသည့် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းတို့အား တည်ဆဲဥပဒေများဖြင့် တရားစွဲဆိုသွားရန် စီမံဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက တင်ပြ လျှောက်ထားခဲ့သည်။

လက်ရှိကာလတွင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၌ ဘက်စုံ ပဒေသာပင်အလှူခံဌာနတစ်ခုတည်းသာ ဖွင့်လှစ်ဆောင်ရွက်ထားပြီး ရွှေသင်္ကန်း ကန်ထရိုက်လုပ်ငန်း၊ အလှူခံပုံး စသည့် ကန်ထရိုက်စာချုပ်စနစ်များကို ပယ်ဖျက်ခဲ့သည်။

ထို့အပြင် ဘုရားဖူး ရဟန်း၊ ရှင်၊ လူ၊ ပြည်သူအများ အခမဲ့တည်းခိုနိုင် ရေးအတွက် တည်းခိုဆောင် ကန်ထရိုက်စာချုပ်စနစ်ကိုလည်း ပယ်ဖျက်၍ တိဿဓမ္မာရုံ၊ သီဟဆောင်စသည်တို့ရှိ အခန်း ၃၅ ခန်းတွင် ဘုရားဖူး ၁၂၇၉ ဦး၊ တိဿဓမ္မာရုံ၊ ပေ ၄ဝ ဓမ္မာရုံ စသည့် ဓမ္မာရုံနှင့် တည်းခိုဆောင်တို့ရှိ အခန်း ၄၃၃ ခန်းတွင် ဘုရားဖူး ၁၅၆ဝ ဦး တည်းခိုနိုင်ရေးစီမံဆောင်ရွက် ထားကြောင်း သိရသည်။

အခပေးတည်းခိုဆောင်များတွင် တည်းခိုရာတွင်လည်း Air-con၊ ခေါင်းအုံး၊ စောင်၊ ခြင်ထောင်များ ဝန်ဆောင်မှုပေး၍ တစ်ဦးလျှင် ကျပ် ၅ဝဝဝ၊ ကျပ် ၁ဝဝဝဝ၊ ကျပ် ၁၅ဝဝဝ စသည်ဖြင့် ယခင်နှုန်းထားများထက် များစွာ လျော့နည်းသက်သာသော နှုန်းထားသတ်မှတ်၍ တည်းခိုနိုင်အောင် စီစဉ်ဆောင်ရွက်ထားသည်။

ယမန်နှစ် တောင်တော်ဖွင့်ပွဲတွင် အလှူငွေ ကျပ် ၁၂၇ သိန်းရရှိခဲ့ပြီး ယခုနှစ် တောင်တော်ဖွင့်ပွဲတွင် အလှူငွေကျပ် ၈၄၄ သိန်း၊ ယခင်နှစ် ရွှေဆိုင်း အရောင်းလုပ်ငန်းကို ကန်ထရိုက်စနစ် ကျင့်သုံးစဉ်က လေလံကြေးတစ်နှစ်စာ ငွေကျပ် ၆၃၈ သိန်းကျော် ရရှိခဲ့ပြီး ယခုနှစ်ပွဲတော်ကာလတွင် အောက်တိုဘာ ၁၆ ရက်မှ ၃၁ ရက်အထိ (၁၆ ရက်ကာလအတွင်း)ငွေကျပ် ၆၂၉ သိန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ ရင်ပြင်တော် အလှူခံပုံးများတွင် ယခင်နှစ်က ငွေကျပ် ၄ဝ၈ သိန်းရရှိခဲ့ပြီး ယခုနှစ် အောက်တိုဘာ ၁၆ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ (၂၇ ရက်အတွင်း) ငွေကျပ် ၄၂၂ သိန်းရရှိသဖြင့် ငွေကျပ် ၁၄ သိန်းပိုမို ရရှိခဲ့ကြောင်း၊ ဆည်းလည်းအရောင်းလုပ်ငန်းကို ကန်ထရိုက်စနစ် ကျင့်သုံးစဉ် က ငွေကျပ် ၁၆၇ သိန်းကျော်ရရှိခဲ့ပြီး ယခုနှစ်၌ တစ်လအတွင်း အမြတ်ငွေ ကျပ် ၂၁ သိန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

သတင်း-ရီရီမြင့်၊ ဥမ္မာသန့်
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ရှိ စီးပွားရေးဆန်သော နှစ်ရှည်ကန်ထရိုက် ၁၄ မျိုး ပယ်ဖျက်  ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ရှိ စီးပွားရေးဆန်သော နှစ်ရှည်ကန်ထရိုက် ၁၄ မျိုး ပယ်ဖျက် Reviewed by THITHTOOLWIN on 07:31 Rating: 5
Powered by Blogger.