ချောင်းသာကမ်းခြေမှ ဖယ်ရှားခံခဲ့ရသော ဈေးသည်များကို ကျောက်တစ်လုံးစေတီအနီးတွင် ယာယီရောင်းချနိုင်ရန် အစိုးရအဖွဲ့စီစဉ်နေ


နိုဝင်ဘာ ၁၇ ၊၂၀၁၆ ခုနှစ်။

ချောင်းသာကမ်းခြေရှိ ဈေးဆိုင် ၈၀ ခန့်အား နိုဝင်ဘာလ ၁ ရက်နေ့က တားမြစ်စာထုတ်ကာ ဖယ်ရှားခဲ့ပြီးနောက် ကမ်းခြေရှိ ကျောက်တစ်လုံးစေတီအနီးတွင် ပြန်လည်ရောင်းချ နိုင်အောင် ဧရာဝတီတိုင်းဒေသကြီး အစိုးရမှစီစဉ်နေကြောင်း သိရသည်။

ဖယ်ရှားခံဈေးသည်များသည် ကျောက်တစ်လုံးစေတီအနီးတွင် ပြန်လည်ရောင်းချခွင့်ပြုပေးပါရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့သို့တင်ပြခဲ့သဖြင့် ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ၊ မြို့အုပ်ချုပ်ရေးအဖွဲ့၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့ထံသို့ တင်ပြသောနေရာ အားချထားပေးရန်သင့်မသင့် တင်ပြခိုင်းထားပြီး အစိုးရအဖွဲ့အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေး မည်ဖြစ်ကြောင်းတိုင်သေကြီးစည်ပင်သာယာရေး ၀န်ကြီးဦးကျော်မြင့်ကပြောသည်။

ရောင်းချခွင့်ပြုရာတွင် ကမ်းခြေဈေးသည်များ၏ အခက်အခဲများကို စာနာသဖြင့် ယာယီသာရောင်းချ ခွင့်ပြုခြင်းဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းရောင်းချခွင့်ပေးသည်ဟု မယူဆစေလိုကြောင်း ၄င်းကဆက်လက်ပြောဆိုသည်။

ချောင်းသာကမ်းခြေ သန့်ရှင်းသာယာလှပရေး အတွက် ဈေးသည်များဖယ်ရှားခြင်းအပြင် အခြား စည်းကမ်းချက်၊ တားမြစ်ချက်များပါဝင်သော ဗီနိုင်းအနီကို ချောင်းသာကမ်းခြေတွင်ဆိုင်းဘုတ် များထောင်ထားခြင်း၊ အသံချဲ့စက်ဖြင့် လိုက်လံကြေငြာခြင်း အပြင်အောက်တိုဘာလ အတွင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှစတင်အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ကြောင်း ချောင်းသာကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ သိရသည်။

ချောင်းသာကမ်းခြေတွင် ဆိုင်ခန်းခင်းဈေးရောင်းချနေသော ဈေးသည်များမှာ ဒေသအစားအစာများ ဖြစ်သည့် ငါးကင်၊ပုဇွန်ကင်၊ အုန်းရည်၊ပင်လယ်စာအသုတ်မျိုး စသည့် အစားအစာများအပြင် ခရုခွံ ကမာခွံများဖြင်ပြုလုပ်ထားသော အမှတ်တရမျိုးစုံနှင့် အုန်းလက်ဦးထုပ်အစရှိသည့် အမှတ်တရ ပစ္စည်းများကို ရောင်းချနေသည့်ဈေးသည်များ ဖြစ်ကြောင်းသိရသည်။

ချောင်းသာကမ်းခြေတွင် ဈေးမရောင်းရအပြင် နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ အများပြည်သူရေ ကစားရန်သတ်မှတ်ထားသည့် ဧရိယာအတွင်း Speed Boat ၊ BananaBoat စသည့် အပျော်စီးယာဉ် များ မောင်းနှင်ခြင်းမပြုရန်၊ ကမ်ခြေတွင်လည်းမြင်းစီးခြင်း၊ လှည်းမောင်းခြင်းနှင့် စက်တပ်ယာဉ်များ မောင်းနှင်ခြင်းမပြုလုပ်ရန်၊ကမ်းခြေဆင်းလမ်းများပေါ်တွင် ယာဉ်များဖြင့်ညအိပ်ခြင်း၊ တဲထိုးညအိပ်ခြင်း နှင့် ရေချိုးခန်းဖွင့်လှစ်ခြင်း တို့ကိုပါတားမြစ်ထားကြောင်းသိရသည်။

ထို့ပြင် အများပြည်သူအပန်းဖြေရာ နေရာများတွင် ဂွပိုက်များအသုံးပြု၍ရေပြင်တွင်ပစ္စည်း ရှာဖွေခြင်း မပြုရန်၊အပန်းဖြေသည့်နေရာနှင့်နီးစပ်ရာတွင် ကျန်းမာရေးထိခိုက်စေနိုင်သည့်ငါးလှမ်းစင်များ ဆောက်လုပ်ခြင်း၊ ငါးနေလှမ်းခြင်းနှင့်စီးပွါးဖြစ်တိရစ္ဆာန်မွေးမြူခြင်းများ မပြုလုပ်ရန်၊ ကမ်းခြေဧရိယာ တွင် သဲထုတ်ခြင်း၊ ကျောက်ထုတ်ခြင်းနှင့် သန္တာကျောက်များတူးဖော်ထုတ်ယူခြင်းမပြုရန်၊ ကမ်းခြေဧရိယာ တွင်စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ကျူးကျော်ခြင်းနှင့် အဆောက်အအုံ တိုးချဲ့ဆောက်လုပ်ခြင်းများမပြုရန်ပါတားမြစ်ထားသည်။

ကမ်းခြေသဲသောင်ပြင်ဧရိယာအတွင်း မည်သူမဆိုမီးပုံပွဲနှင့်ကာရာအိုကေသီဆိုခြင်းများ ကျင်းပရန်နှင့် ကမ်းခြေနှင့်မည်သည့် အဆောက်အအုံဧရိယာတွင်းတွင်မဆို မီးရူး၊မီးပန်း၊ဗျောက်အိုး၊ရူးဒိုင်းနှင့်မီးပုံး ပျံများ လက်ဝယ်ကိုင်ဆောင်ခြင်း၊ ပစ်ဖောက်ခြင်း၊လွှတ်တင်ခြင်းများပြုလုပ်လိုပါက ကမ်းခြေသန့်ရှင်း သာယာရေးနှင့်လုံခြုံရေးအလို့ဌာ ကမ်းခြေလုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်း ရေးကော်မတီ၏
ခွင့်ပြုချက်ယူရမည်ဖြစ်ကြောင်း စည်းကမ်းချက်များထုတ်ပြန်ထားသည်။

ဓါတ်ပုံ The Ayeyarwaddy Times
Ayeyarwaddy Times
https://www.facebook.com/ayetimes
ချောင်းသာကမ်းခြေမှ ဖယ်ရှားခံခဲ့ရသော ဈေးသည်များကို ကျောက်တစ်လုံးစေတီအနီးတွင် ယာယီရောင်းချနိုင်ရန် အစိုးရအဖွဲ့စီစဉ်နေ  ချောင်းသာကမ်းခြေမှ ဖယ်ရှားခံခဲ့ရသော ဈေးသည်များကို ကျောက်တစ်လုံးစေတီအနီးတွင် ယာယီရောင်းချနိုင်ရန် အစိုးရအဖွဲ့စီစဉ်နေ Reviewed by THITHTOOLWIN on 22:24 Rating: 5
Powered by Blogger.