အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ခံရသည့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုဦးစီးမှူးအား နိုဝင်ဘာလ (၈) ရက်နေ့တွင် ရုံးထုတ် စစ်ဆေးမည်


မန္တလေး၊ နိုဝင်ဘာ ၁။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်မှ အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ခံရသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုတိယဦးစီးမှူး တို့ကို နိုဝင်ဘာလ (၈)ရက်နေ့တွင် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မတီ က သိရသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးတင်နိုင်စိုး၊ ဒုတိယဦးစီးမှူး ဦးကျော်ကျော်နိုင်တို့ကို မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်ပြီး ၄င်းတို့နှင့်အတူ အဂတိလိုက်စားမှုကြောင့် တရားစွဲခံထားရသည့် အကြီးတန်းစာရေး ဦးအောင်စိုးမိုးအား ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

"အမှုစဖွင့်တဲ့နေ့က တရားစွဲတင်ဖို့အတွက် ယမန်ယူတယ်။ နိုဝင်ဘာလ ၈ ရက်နေ့မှာမှ စစစ်ဆေးဖို့ ရုံးထုတ်မှာဖြစ်တယ်။ အဲဒီနေ့မှာ တရားလိုဖြစ်တဲ့ အဂတိတိုက်ဖျက်ရေးကော်မရှင်က အမှုစစ် ဦးကောင်းဇော်သန့်ကို စစ်ဆေးဖို့ ချိန်းဆိုထားတယ်" ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မတီ မှ ကော်မတီဝင် ဦးသန်းအောင်က ပြောသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်စိုးနိုင်သည် မန်ကျည်းအင်းကျေးရွာသစ် ပြည်ထဲရေးအမည်ပေါက် ရွာမြေတိုးချဲ့သတ်မှတ်ပေးရန် ကိစ္စနှင့်ပက်သက်ပြီး ယင်းကျေးရွာနေ ဒေသခံများထံမှ လက်ဆောင်ယူခြင်း နှင့် ငွေကျပ် ၅ သိန်းကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့၌လည်းကောင်း ပုဆိုး နှင့် အင်္ကျီအပါအဝင် ငွေကျပ် သိန်း ၃၀ ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့၌ လည်းကောင်း ၊၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ငွေကျပ် သိန်း ၁၀၀ ကိုလည်းကောင်း အလီလီလက်ခံရယူခဲ့ကြောင်း သိရသည်။

ဒုတိယဦးစီးမှူး ဦးကျော်ကျော်နိုင်သည်လည်း ယင်းကျေးရွာကိစ္စနှင့်ပက်သက်၍ ၂၀၁၅ ခုနှစ် မေလအတွင်း က ကမ္ဘာအောင်မြေကုမ္ပဏီပိုင်ရှင်ထံ မှ ငွေကျပ်သိန်း ၅၀ တစ်ကြိမ် ၊ သိန်း ၄၀ တစ်ကြိမ်နှင့် ၃၅ သိန်း တစ်ကြိမ် လက်ခံရယူထားကြောင်း သိရသည်။

ထို့အပြင် ပြင်ဦးလွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မှ အကြီးတန်းစာရေး ဦးအောင်စိုးမိုးသည်လည်း မန်ကျည်းအင်းကျေးရွာ ဒေသခံအချို့ထံမှ ၎င်း၏သမီးကို အပ်ချုပ်ဆိုင်ဖွင့်ပေးနိုင်ရန်အတွက် ၂၀၁၆ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ငွေကျပ် ၁၀ သိန်းတောင်းယူခြင်း ၊ ၂၀၁၆ ခုနှစ် မတ်လ ၆ ရက်နေ့က မြို့နယ်စီမံခန့်ခွဲရေးနှင့် မြေစာရင်းအဖွဲ့များကို ပေးရန်ဟုဆိုကာ ၃၅ သိန်း တောင်းယူခြင်း ၊ ၂၀၁၆ ဧပြီလအတွင်းက မြေပုံရေးဆွဲသည့်အဖွဲ့ကို ဧည့်ခံရန်အတွက်ဟုဆိုကာ (၃) သိန်းတောင်းယူခြင်း စသည်တို့ကို ကျူးလွန်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းသို့ လုပ်ပိုင်ခွင့်အာဏာ တလွဲအသုံးပြု၍ အဂတိလိုက်စားခြင်းနှင့် ပတ်သတ်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးအား (ပ)၂၂၀/၂၀၁၆၊ ၂၀၁၃ ခုနှစ် အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆၊ (ပ)၂၁၉/၂၀၁၆၊ ပုဒ်မ ၅၆ ဖြင့်လည်းကောင်း၊ ဦးကျော်ကျော်နိုင်အား (ပ)၂၂၂/၂၀၁၆၊ အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့်လည်းကောင်း၊ ဦးအောင်စိုးမိုးအား (ပ)၂၂၄/၂၀၁၆၊ အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၇၊ (ပ)၂၂၃/၂၀၁၆၊ ပုဒ်မ ၅၇ ဖြင့်လည်းကောင်းအမှုဖွင့် အရေးယူထားကြောင်း သိရသည်။

နိုင်လင်းဦး
Central News Myanmar
https://www.facebook.com/CNMyanmar/
အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ခံရသည့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုဦးစီးမှူးအား နိုဝင်ဘာလ (၈) ရက်နေ့တွင် ရုံးထုတ် စစ်ဆေးမည်  အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ခံရသည့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုဦးစီးမှူးအား နိုဝင်ဘာလ (၈) ရက်နေ့တွင် ရုံးထုတ် စစ်ဆေးမည် Reviewed by THITHTOOLWIN on 19:31 Rating: 5
Powered by Blogger.