စတိုးဆိုင်မှ ငွေနှင့်ပစ္စည်းများကို ခြိမ်းခြောက် လုယက်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ စတိုးဆိုင်မှ ငွေနှင့်ပစ္စည်းများကို ခြိမ်းခြောက် လုယက်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၇)ရပ်ကွက်ရှိ g&g (၂၄)နာရီစတိုးဆိုင်တွင် ခြိမ်းခြောက်လုယက်သူများအား ဖော်ထုတ် ဖမ်းဆီးရမိခဲ့ပါသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၁ နာရီခန့်က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၇)ရပ်ကွက်ရှိ g&g (၂၄)နာရီစတိုးဆိုင်တွင် အရောင်းဝန်ထမ်း အမျိုးသားတစ်ဦးတည်း ဈေးရောင်းနေစဉ် အမည်မသိ
အမျိုးသား ၃ ဦးရောက်ရှိလာပြီး ဓားဖြင့် ခြိမ်းခြောက်ကာ ဆိုင်ရှိ ရောင်းရငွေများ၊ ဖုန်းငွေဖြည့်ကတ်မျိုးစုံ၊ စီးကရက်နှင့် အချိုရည်မျိုးစုံ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၃၆၇၇၀၀)အား ယူဆောင်သွားခဲ့သဖြင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်း(ပ)၁၉၂၃/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ-၃၈၆ ဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင်
ပါဝင်သူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ အငယ်ကောင်(ခ)ဟိန်းထက်(ခ)ဟိန်းထက်စိုး၊ ညီညီ(ခ)ညီညီမင်း၊ ခန့်စည်သူ(ခ)ခန့်စည်သူအောင်နှင့် ဇောင်းလေး(ခ)သန်းယုမောင်တို့မှ ကျူးလွန်ခဲ့ကြောင်း သိရပြီး နိုဝင်ဘာလ ၁၄ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၅)ရပ်ကွက်၊ ပုဂံလမ်းတွင် ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတို့၏ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် သားကြီး(ခ)လွင်မိုးနှင့်အတူ ဆိုင်အတွင်းသို့ဝင်ရောက်ခဲ့ပြီး ဈေးဝယ်ဟန်ဆောင်ကာ အရောင်းဝန်ထမ်းအား ဓားဖြင့်ထောက်၍ ပစ္စည်းများ ယူဆောင်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပြီး သားကြီး(ခ)လွင်မိုးမှာ ထွက်ပြေး တိမ်းရှောင်နေသဖြင့် အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပါသည်။

အမှုနှင့်ပတ်သက်၍ သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းရမိရေး ဆောင်ရွက်လျက်ရှိပြီး အခြားလုယက်မှုများ ကျူးလွန်ထားခြင်းရှိ/မရှိ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
စတိုးဆိုင်မှ ငွေနှင့်ပစ္စည်းများကို ခြိမ်းခြောက် လုယက်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ  စတိုးဆိုင်မှ ငွေနှင့်ပစ္စည်းများကို ခြိမ်းခြောက် လုယက်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:27 Rating: 5
Powered by Blogger.