ဖိုဝင်းတောင် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် ရိုးရာလှည်းဝိုင်း ယဉ်ကျေးမှု


ဗုဒ္ဓပူဇနိယပွဲလည်းဖြစ်၊ ဖိုဝင်းတောင်ရှင်မယ်တော် ကြီး(ဖိုဝင်းရှင်မ)ကို ဆိုင်ရာများက ပသရသည့်ပွဲ လည်းဖြစ်သော ဖိုဝင်းတောင်ပွဲကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပကြသည်။ ဖိုဝင်းတောင်ပွဲသို့ ပတ်ဝန်းကျင်ကျေးရွာများမှ ရွာ လုံးကျွတ် နွားလှည်းများဖြင့် လာရောက်ကြရာ ယနေ့ခေတ်တွင် ရှားပါးလှသည့် အညာကျေးလက် လှည်းဝိုင်းယဉ်ကျေးမှုကို တွေ့ မြင်နိုင်သည်။ ဖိုဝင်း တောင်ပွဲတွင်နှစ်စဉ်ဆုံနေကျ လှည်းဝိုင်းယဉ်ကျေး မှုကို လေ့လာလိုသူများအနေဖြင့် တန်ဆောင်မုန်း လဆန်း ၁၀ ရက်မှ ၁၄ ရက်အတွင်း လာရောက် လေ့လာမှသာ မြင်တွေ့နိုင်မည်ဖြစ်ကြောင်း ဖိုဝင်း တောင်ဒေသခံများက ဆိုသည်။

“ ဖိုဝင်းတောင်ပွဲဆိုတာ ဗုဒ္ဓပူဇနိယပွဲလည်းဖြစ်၊ ဖိုဝင်းရှင်မယ်တော်ကြီးကို ဆိုင်ရာများက ပူဇော် ပသတဲ့ပွဲလည်း ဖြစ်ပါတယ်။ နတ်ဆိုပေမယ့်လည်း တောင်ပြုံးလို နတ်ကတဲ့ပွဲမပါတဲ့ ဘုရားဖူးနတ် တက်ပွဲလို့ ခေါ်ရပါမယ်။ ဒီပွဲကို ဖိုဝင်းတောင်ကို မျှဆိုင်တဲ့ ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင် မြို့နယ်တွေထဲက ရွာတွေအားလုံးနီးပါး နှစ်စဉ်လာ ကြပါတယ်။ တစ်နှစ်လုံး တောအလုပ် တောင် အလုပ်တွေ ကုန်းကျုံးလုပ်လာခဲ့ရာက တစ်နှစ်လုံး မှာ ဒီပွဲက စည်စည်ကားကားရှိတော့ ရှာထားတဲ့ အထဲက လှူကြတန်းကြ ဝယ်ကြခြမ်းကြပေါ့ဗျာ” ဟု ဖိုဝင်းတောင် ဒေသခံတစ်ဦးက ပြောသည်။

ရှေးဟောင်းယဉ်ကျေးမှု
▄▄▄▄▄▄▄▄▄▄▄▄
သဘာဝပတ်ဝန်းကျင် ပျက်စီးမှု မရှိသေးသလို ရှေးဟောင်းယဉ်ကျေးမှု အနုပညာများ တည်ရှိ ရာဖြစ်သော ဖိုဝင်းတောင် သာသနာ့မြေသို့ မုံရွာ မြို့မှ ချင်းတွင်းမြစ်ကိုဖြတ်၍ ညောင်ပင်ကြီး ဆိပ်ကမ်းမှတစ်ဆင့် ယင်းမာပင်-ပုလဲလမ်းအတိုင်း လာနိုင်ပြီး ထိုလမ်းအတိုင်း ၁၀ မိုင်ခန့်အရောက် တွင် လမ်းခွဲမှအတွင်းသို့ သုံးမိုင်ခန့် ဝင်ရောက်ပါက လောင်းလှေကြီးမှောက်ထားသည့် သဏ္ဍာန်ရှိ ဖိုဝင်းတောင်သာသနာ့မြေကို ရောက်ရှိမည်ဖြစ် သည်။ ထိုမှတစ်ဆင့် တစ်မိုင်ခွဲအကွာရှိ ရွှေဘ တောင်ကိုသွားရင်း ကျောက်သားကျောက်စိုင်ချပ် ကြီးများအလယ်ရှိ ရှေးဟောင်းယဉ်ကျေးမှု အနု ပညာလက်ရာများကို လေ့လာနိုင်မည်ဖြစ်သည်။

ဖိုဝင်းတောင်ပွဲ
▄▄▄▄▄▄▄▄▄

ယခင်က ဖိုဝင်းတောင်ပွဲအချိန် ညများတွင် ရောက်ရှိနေသောလှည်းဝိုင်းများ၌ အိုးစည်ဒိုးပတ် များဖြင့် တစ်ရွာနှင့်တစ်ရွာ အဆို၊ အတီး၊ အက ပြိုင်ဆိုင်ခဲ့ကြသည်။ ယခုအချိန်တွင် ခေတ်ပေါ် တေးသီချင်းများ အစားထိုးဝင်ရောက်လာကာ ကက်ဆက်ဆောင်းဘောက်များ အသံကုန်ဖွင့်၍ တစ်ညလုံးပျော်ကြသည့်ပွဲအဖြစ် ရပ်တည်နေသည်။ ယခင်က ဖိုဝင်းတောင်ပွဲကို တန်ဆောင်မုန်းလဆန်း ၈ ရက်နေ့အရောက် လာခဲ့ကြရာမှ ယခုအခါတွင် လဆန်း ၁၂ ရက် နံနက်ဝေလီဝေလင်းအချိန်ကျမှ ရွာကထွက်ကြသည်။ နွားလှည်းဝိုင်းဟုဆိုသော် လည်း ယခုအခါတွင် နွားလှည်းများအပြင် ထော် လာဂျီ၊ ဆိုင်ကယ်၊ မော်တော်ကားများဖြင့် လာ ရောက်ကြသည်ကိုပါ တွေ့ရသည်။ လှည်းဝိုင်းဖွဲ့နေ ကြသည့်နေရာတွင် ယခင်က ရွက်ဖျင်များကို တဲ ထိုးနေကြပြီး နောက်ပိုင်းတွင် ကားသမား၊ ထန်း လျက်သမားများက မိုးကာများဖြင့် တဲထိုးနေကြ သလို အချို့ ရေလုပ်ငန်းလုပ်ကိုင်သူများက လှေ သမားများ၏ ရွက်ကိုယူ၍ အမိုးလုပ်ကာ ယာယီ နေထိုင်ကြသည်။


ဘုရားပွဲ
▄▄▄▄▄▄

ဖိုဝင်းတောင်ပွဲကို မုံရွာ၊ မန္တလေး၊ ရန်ကုန်မြို့ များမှ လာကြသူများအနေဖြင့် တန်ဆောင်မုန်း လပြည့် နံနက်ခင်းတွင်မှ လာကြသည်က များ သည်။ တချို့က ညအိပ်လာကြသော်လည်း ည အိပ်သူက နည်းသည်။ နေ့ချင်းပြန်သာ များသည်။ ဒေသခံများမှာမူ လမပြည့်ခင် လဆန်း ၈ ရက်၊ ၉ ရက် ညကတည်းက အုပ်စုလိုက် ပေါင်းမိုးအုပ် လှည်းတန်းကြီးဖြင့် ရောက်ရှိနေကြပြီး ဘုရားပွဲ ဆင်နွှဲကြမြဲဖြစ်သည်။ ဆားလင်းကြီးနှင့် ယင်းမာ ပင်မြို့နယ်များမှ ကျေးရွာများဖြစ်သော ထန်းပုရွာ၊ ထန်းစင်ရွာ၊ ကျေးပင်ဖူးရွာ၊ ဖောင်းကတာရွာ၊ မကျီးတထောင်ရွာ၊ ရေခါးရွာ စသည့်ရွာများတွင် နေသူများမှာ နှစ်စဉ် ရိုးရာစဉ်လာမပျက် ရွာလုံး ကျွတ် နွားလှည်းများဖြင့် ဖိုဝင်းတောင်ပွဲသို့ လာ ကြသည်။

ကျောက်ပန်း
▄▄▄▄▄▄▄

ရှေးအခါက ဖိုဝင်းတောင်ပွဲနှင့် ပတ်သက်၍ပြော သည့်စကားဖြစ်သော “ ဘီးဆံပတ်နှင့် ကျောက်ပန်း ပန် ဖိုဝင်းတောင်ကရတဲ့မိန်းမ’ဟုသည့် စကားကို ဒေသခံတို့ ယခုအထိ လက်ဆင့်ကမ်းဆဲဖြစ်သည်။ တန်ဆောင်မုန်းလပြည့်နေ့ နေ့လယ်နှင့် ညနေပိုင်း တို့တွင် ဖိုဝင်းတောင်မှ ပြန်လာကြသည့် မိသားစု များထဲမှ အမျိုးသမီးအများစု၏ ဦးခေါင်းထက်တွင် ကျောက်ပန်းအခွေလိုက်ကလေးများပန်၍ ပြန် လာကြသည့်မြင်ကွင်းကို မုံရွာဒေသခံများ နှစ်စဉ် မြင်နေကျဖြစ်သည်။ ဘုရားပွဲအပြီးတွင် ချင်းတွင်း မြစ်ကမ်း ဇက်ဆိပ်ကူးတို့ဆိပ်၊ စက်တပ်လှေငယ် ဆိပ်များမှတစ်ဆင့် မုံရွာမြို့ လေးပြင်လေးရပ်ကို သွားနေကြသည့် သူများထဲတွင် ကျောက်ပန်းပန် လာသည်ကို မြင်ရပါက ဖိုဝင်းတောင်ကပြန်လာ သည်ဟု မုံရွာမြို့ခံများ တန်းသိကြသည်။

ပြန်ဆုံကြဦးမည်
▄▄▄▄▄▄▄▄▄

ဘုရားပွဲနေ့ဟု အများသိထားသော တန်ဆောင် မုန်းလပြည့်နေ့ နံနက်တွင် ဝေလီဝေလင်းအချိန် မှစ၍ ဘုရားပွဲလာသူများမှာ တဲများဖြုတ်၊ အထုပ် များစည်းကာ ပြန်ရန်ဟန်ပြင်နေကြပြီဖြစ်သည်။ နံနက် ၆ နာရီခွဲ ၇ နာရီဝန်းကျင်တွင် အလင်းရောင် ရလာပြီးနောက် လှည်းတစ်စီးနှင့်တစ်စီး အော် ဟစ်နှုတ်ဆက်သံ၊ စကားပြောသံ၊ လှည်းဘီးများ က ကျောက်လမ်းကို နင်းကြိတ်သွားသံများကို ကြားရသည်။ ထိုအသံများသည် ဖိုဝင်းတောင် ဒေသ၏ တစ်နှစ်တစ်ခါ ကြားကြရသည့် အသံ၊ ကြားနေကျအသံများ ဖြစ်သည်။ နှစ်စဉ် နွားလှည်း ဝိုင်းများဖြင့်လာနေကျ ဒေသခံမိသားစုများအနေ ဖြင့် ကုန်းကမူအမြင့်များကို အစီအရီတရွေ့ရွေ့ ဖြတ်ကျော်ရင်း မိမိတို့နေရပ်များသို့ ပြန်သွားကြ သော်လည်း အားလုံးသည် နောင်နှစ် ဒီနေရာတွင် ဒီအချိန်မှာ ပြန်ဆုံကြဦးမည်ပင်ဖြစ်သည်။ ။

 မျိုးဝင်းထွန်း(မုံရွာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဖိုဝင်းတောင် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် ရိုးရာလှည်းဝိုင်း ယဉ်ကျေးမှု ဖိုဝင်းတောင် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် ရိုးရာလှည်းဝိုင်း ယဉ်ကျေးမှု Reviewed by THITHTOOLWIN on 08:38 Rating: 5
Powered by Blogger.