မင်းပြားမြို့တွင်း လောင်စာဆီ သိုလှောင်ရောင်းချမှုနှင့် ပတ်သက်၍ မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အင်တာဗျူး


မင်းပြား (Nov 27, 2016)

၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက် မီးလောင်ကျွမ်းခဲ့မှုနဲ့ ပတ်သက်ပြီး မြို့ထဲ ရပ်ကွက်ထဲမှာ လောင်စာဆီများ သိုလှောင်ရောင်းချမှုကြောင့် ပိုလို့မီးလောင်ကျွမ်း ဆုံးရှုံးရတာဆိုပြီး ပြည်သူတွေရဲ့ ဝေဖန်မှုတွေ အများကြီး ထွက်ပေါ်လာတဲ့အတွက် မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုးထွန်း ကို မင်းပြား-သတင်း က ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။

#မေး။ ဦးစိုးတင့်ရပ်ကွက် မီးလောင်မှုဟာ လောင်စာဆီပုံးတွေ မီးလောင်ပေါက်ကွဲပြီး ပိုပြီးမီးကူးစက် လောင်ကျွမ်းပြီးတော့ လူတွေလည်း ဒဏ်ရာပြင်းထန် ရခဲ့ကြတယ်လို့ သိရပါတယ်။ မင်းပြားမြို့ထဲ လူနေအိမ်နဲ့ ဆိုင်တွေမှာ လောင်စာဆီတွေ သိုလှောင်ခွင့်ကို ဘယ်ဌာနက တရားဝင် ရောင်းချခွင့်ပြုပေးထားတာပါလဲ။ ဘယ်လို ကန့်သတ်ချက်တွေနဲ့ ခွင့်ပြုပေးထားတာပါလဲ။

#ဖြေ။ မြို့တွင်းမှာဖြစ်ဖြစ် မြို့ပြင်မှာဖြစ်ဖြစ် လောင်စာဆီ သိုလှောင်ရောင်းချခွင့်ကို မင်းပြားမြို့ ဘယ်ဌာနကမှ ခွင့်ပြုပေးလို့ မရပါဘူး။ စွမ်းအင်ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့မှ လောင်စာဆီ တရားဝင် ရောင်းချခွင့် ရှိပါတယ်။ အခုက တရားဝင် လုပ်ကိုင်ခွင့်မရှိပေမယ့် အချို့လုပ်ငန်းရှင်တွေက ဒီလိုလုပ်ကိုင် နေတာမျိုးတွေ ရှိနေတယ်။ တရားဝင် သိုလှောင်ရောင်းချ ဖြန့်ဖြူးဖို့ ခွင့်ပြုချက်မရှိတဲ့အတွက် အကုန်လုံးကို ရောင်းချခွင့် ပိတ်ပင်ပြီး ဥပဒေအရ အရေးယူရမှာပါ။ ဒါပေမယ့် လောင်စာဆီက လူနေမှုဘဝမှာ အရေးပါနေတဲ့အတွက် တရားမဝင် ရောင်းချမှုကို လုံးဝပိတ်ပင်ဖို့ဆိုတာလည်း လတ်တလောမှာ မဖြစ်နိုင်သေးဘူး။ နယ်မြို့တော်တော်များများမှာလည်း ဒီလိုပဲ ရှိနေကြတာများပါတယ်။

#မေး။ မင်းပြားမြို့တွင်းမှာ လောင်စာဆီတွေ သိုလှောင် ရောင်းချမှုနဲ့ ပတ်သက်ပြီး ထိရောက်အောင် ကွင်းဆင်းစိစစ်ခြင်းတွေ ရှောင်တခင် စစ်ဆေးခြင်းတွေ ရှိခဲ့ပါသလား။ အကောင်အထည်ဖော် ဆောင်ရွက်တာ အောင်မြင်မှုရှိခဲ့ပါသလား။

#ဖြေ။ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အုပ်ချုပ်ရေးဌာန မီးသတ် ရဲ စတဲ့ ဌာနတွေနဲ့ အခါအားလျော်စွာ ကွင်းဆင်းစစ်ဆေးမှု လုပ်တာတွေ ရှိပါတယ်။

#မေး။ မြို့တွင်း လူနေအိမ် ဆိုင်တွေမှာ ဆီပေပါတွေသိုလှောင်လို့ ဆီပုံးပေါက်ကွဲပြီးတော့ ပိုလို့မီးလောင်ကျွမ်း ပျက်စီးကာ လူတွေ ထိခိုက်ဒဏ်ရာ ရကြတာလို့ ပြည်သူတွေရဲ့ ဝေဖန်သုံးသပ်ချက်တွေအပေါ် ဘယ်လိုတုန့်ပြန် ပြောဆိုချင်ပါသလဲ။

#ဖြေ။ အမှန်က လောင်စာဆီတွေ ရောင်းချဖြန့်ဖြူးခွင့်ကို စွမ်းအင်ဝန်ကြီးဌာနက ခွင့်ပြုချက်ရမှ မြို့ထဲမြို့ပြင်မှာ သတ်မှတ်စည်းကမ်းတွေနဲ့အညီ သိုလှောင်ရောင်းချခွင့် ပြုရမှာ ဖြစ်ပါတယ်။ ဒီကိစ္စကို ကျွန်တော်တို့ မြို့ပေါ် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေရဲ့ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်ပါတယ်။ လောလောဆယ်မှာတော့ လောင်စာဆီ သိုလှောင်ရောင်းချဖြန့်ဖြူးတဲ့ လုပ်ငန်းရှင်တွေနဲ့ မြို့ပေါ်လူမှုအဖွဲ့အစည်းတွေ ပြည်သူတွေနဲ့ ဆွေးနွေးပြီး အဖြေရှာမယ်။ ကျွန်တော်တို့အနေနဲ့ မြို့ပြင်မှာ လောင်စာဆီ သိုလှောင်ရောင်းချပါလို့ တရားဝင် ညွှန်ကြားပေးခွင့် မရှိပါဘူး။ ပြည်သူတွေကလည်း စောင့်ကြည့်ပေးပါ။ မြို့ထဲလူနေအိမ် ဆိုင်တွေမှာ လောင်စာဆီ သိုလှောင်ရောင်းချတာ တွေ့ရင် သက်ဆိုင်ရာကို သတင်းပို့ပေးပါ။ ကျွန်တော်တို့အနေနဲ့လည်း ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို မြို့ထဲ ရပ်ကွက်ထဲ ရပ်ရွာထဲမှာ လောင်စာဆီ သိုလှောင်ရောင်းချမှုနဲ့ ပတ်သက်ပြီး လိုအပ်တာတွေကို ညွှန်ကြားသွားမယ်။ ပြီးရင် ဒီကိစ္စကို မီးသတ်ဌာန ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားပါမယ်။

#မေး။ နောက်ထပ် ဒီလိုမျိုး မီးလောင်ပျက်စီးဆုံးရှုံးမှု အများကြီး မဖြစ်ရအောင် ဘယ်လို လုပ်ဆောင်သွားရင် အဆင်ပြေမယ်လို့ ထင်ပါသလဲ။ အကြုံပြုစကား ပြောပေးပါ။

#ဖြေ။ လောင်စာဆီ သိုလှောင်ရောင်းချမှုနဲ့ ပတ်သက်ပြီး အကြံပေးရမယ်ဆိုရင် မြောက်ဦးမြို့မှာလို မြို့ထဲမှာမဟုတ်ဘဲ လောင်စာဆီ သိုလှောင်ရောင်းချတဲ့ လုပ်ငန်းရှင်အားလုံးကို မြို့ပြင်မှာ ဆီသိုလှောင်ပြီး ဆီပန့်ဆိုင်တွေနဲ့ စနစ်တကျ ဖြစ်စေချင်တယ်။ ဒါကလည်း ကျွန်တော့်အနေနဲ့ Officially ညွှန်ကြားခွင့် မရှိပါဘူး။ ကျွန်တော် ဒီမြို့မှာ တာဝန်ကျတာ ၇ လ လောက်ပဲ ရှိပါသေးတယ်။ ဒီလောင်စာဆီကိစ္စကို အပြတ်အသတ် ကိုင်တွယ်ပါ့မယ်။ လတ်တလော အဆင်ပြေစေဖို့အတွက် ဆီလုပ်ငန်းရှင်တွေနဲ့ မြို့လူမှုအဖွဲ့အစည်းတွေ ပြည်သူတွေ တွေ့ဆုံညှိနှိုင်းပြီး နည်းလမ်းရှာဖို့ ဆွေးနွေးထားပါတယ်။ ပြီးရင်တော့ ပြတ်ပြတ်သားသား ကိုင်တွယ်တော့မှာ ဖြစ်ပါတယ်။ အဲဒီအခါ ပြည်သူတွေကလည်း မြို့ထဲမှာ လောင်စာဆီ သိုလှောင်ရောင်းချ ဖြန့်ဖြူးတာတွေ့ရင် သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို သတင်းပေးပါ။ ဒါကို ဥပဒေအရ ပြင်းထန်စွာ အရေးယူပေးမယ်။ ဒီကိစ္စကို ပြည်သူတွေ ဝိုင်းဝန်း ပူးပေါင်းကူညီပေးပါလို့ ပြောလိုပါတယ်။

မင်းပြား - သတင်း
27 . 11 . 2016
https://www.facebook.com/mongbranews
မင်းပြားမြို့တွင်း လောင်စာဆီ သိုလှောင်ရောင်းချမှုနှင့် ပတ်သက်၍ မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အင်တာဗျူး  မင်းပြားမြို့တွင်း လောင်စာဆီ သိုလှောင်ရောင်းချမှုနှင့် ပတ်သက်၍ မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အင်တာဗျူး Reviewed by THITHTOOLWIN on 07:08 Rating: 5
Powered by Blogger.