ဘီလင်းတွင် ခရီးသည်တင် ယာဉ်တစ်စီး တံတားတစ်ခုကို ဝင်တိုက်မိ၍ ခရီးသည် ၂၇ ဦးဒဏ်ရာရ၊ နှစ်ဦးသေဆုံး


မော်လမြိုင်၊ နိုဝင်ဘာ ၅ ။ ။ ဘီးလင်းမြို့နယ်၊ ကျောက်ရေတွင်း ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် နိုဝင်ဘာ ၄ ရက် နံနက် ၄ နာရီက ခရီးသည်တင် လိုက်ထရပ်ယာဉ်တစ်စီးသည် လမ်းဘေးတံတားတစ်ခုကို ဝင်တိုက်မိသဖြင့် ခရီးသည် ၂၇ ဦး ဒဏ်ရာရကာ နှစ်ဦးသေဆုံးခဲ့ကြောင်း ဘီးလင်းမြို့မ ရဲစခန်းမှ သိရသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သည့် ခရီးသည်နှစ်ဦးတွင် ဒေါ်ချိုဆန်းမှာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်များ ရရှိခဲ့ပြီး ဒေါ်မိုးခိုင်သည် ခါးအောက်ပိုင်း ဒဏ်ရာများရရှိခဲ့ကြောင်း ဘီးလင်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရှိသူများကို ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားခဲ့ပြီး ဒဏ်ရာရသူ ၂၇ ဦးထဲတွင် အမျိုးသမီး ၂၃ ဦးနှင့် အမျိုးသား လေးဦးပါဝင်ကြောင်း ၎င်းက ဆိုသည်။

ထိုခရီးသည်တင်ယာဉ်သည် ကျိုက်ထိုမြို့မှ ဘီးလင်းမြို့ဘက် မောင်းနှင်လာရာမှ ယာဉ်စစ်စီးကို ကျော်တက်စဉ် တစ်ဖက်မှ မျက်နှာချင်းဆိုင် လာနေသော ယာဉ်တစ်စီးကို တိမ်းရှောင်လိုက်ရာ လမ်းညာဘက်ရှိ တံတားကို ဝင်တိုက်မိခြင်ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်း ဦးသက်မင်းနိုင်ကို ဘီးလင်းမြို့မ ရဲစခန်းတွင် ယာဉ်(ပ) ၃၈/၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဘီးလင်းမြို့မ ရဲစခန်းထံမှ သိရသည်။

ရင်ငြိမ်းချမ်း

Hinthar Media Corporation
https://www.facebook.com/hintharmediacorporation/
ဘီလင်းတွင် ခရီးသည်တင် ယာဉ်တစ်စီး တံတားတစ်ခုကို ဝင်တိုက်မိ၍ ခရီးသည် ၂၇ ဦးဒဏ်ရာရ၊ နှစ်ဦးသေဆုံး ဘီလင်းတွင် ခရီးသည်တင် ယာဉ်တစ်စီး တံတားတစ်ခုကို ဝင်တိုက်မိ၍ ခရီးသည် ၂၇ ဦးဒဏ်ရာရ၊ နှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 22:03 Rating: 5
Powered by Blogger.