အကျဉ်းသားချင်း ပေါက်ပြားဖြင့် ခုတ်မှုဖြစ်


မန္တလေး၊ နိုဝင်ဘာ ၃။

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ် ဘယ်လင်း (၂) အကျဉ်းဦးစီးဌာန ကျောက်ထုတ်လုပ်ရေး စခန်းတွင် နိုဝင်ဘာလ (၂) ရက်နေ့က အကျဉ်းသားတစ်ဦးအား ပေါက်ပြားဖြင့် ခုတ်ခံရမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည် ။

ဖြစ်စဉ်မှာ ဇော်လွင်ဦးနှင့် စိုးဝင်းသန်း(ခ)သားငယ်တို့ စကားများရန်ဖြစ်ရာမှ ကျောက်ထုတ်လုပ်ရေးစခန်းတွင် အသုံးပြုသည့် လုပ်ငန်းခွင်သုံးပေါက်ပြားဖြင့် စိုးဝင်းသန်း (ခ) သားငယ်က ဇော်လွင်ဦးအား ခုတ်လိုက်သည့်အတွက် အကျဉ်းသား ဇော်လွင်ဦးအား ကျောက်ဆည်ဆေးရုံတွင် တင်ပို့ခဲ့ရကြောင်း သိရသည်။

"ဒဏ်ရာက များတယ်။ ဇော်လွင်ဦးရဲ့ ခေါင်းချိုစောင်း ပေါက်ပြဲတယ်။ နောက်စေ့မှာလည်း ဒဏ်ရာတွေဖြစ်တယ်။ လက်တွေ စုတ်ပြဲကုန်တယ်။ ဒါကို အကျဉ်းဦးစီးက အမှုဖွင့်ထားတယ်"ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အကျဉ်းသား ဇော်လွင်ဦးမှာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၆၃/၃၅၄ အရ ကသာမြို့နယ်တရားရုံး မှ ထောင်ဒဏ် (၃) နှစ် ပြစ်ဒဏ်ခံနေရသူဖြစ်ပြီး စိုးဝင်းသန်း (ခ) သားငယ် မှာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ (၂) အရ ထောင်ဒဏ် (၁၀) နှစ် ၃၂၄ အရ ထောင်ဒဏ် (၃) နှစ် တို့ကို တပေါင်းတည်းကျခံစေ၍ လက်နက်မှု ၁၉ (င) အရ ထောင်ဒဏ် (၃) နှစ် သွင်းကုန် ထုတ်ကုန် ဥပဒေ ပုဒ်မ (၅) အရ ထောင်ဒဏ် (၇) နှစ် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် (၁၅) နှစ်တို့ကို သီးခြားစီကျခံရန် လာရှိုးမြို့နယ်တရားရုံးက အမိန့်ချခံထားရသူဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

နိုင်လင်းဦး
Central News Myanmar
https://www.facebook.com/CNMyanmar/
အကျဉ်းသားချင်း ပေါက်ပြားဖြင့် ခုတ်မှုဖြစ် အကျဉ်းသားချင်း ပေါက်ပြားဖြင့် ခုတ်မှုဖြစ် Reviewed by THITHTOOLWIN on 16:04 Rating: 5
Powered by Blogger.