နယ်မြို့ဆိတ်တကောင်ဈေးနှုန်းနှင့် ရန်ကုန်မြို့ဆိတ်သား တပိဿာဈေးတူညီနေ


နယ်မြို့များတွင် လတ်တလော အခြေအနေ၌ ဆိတ်တကောင်၏ ရောင်းဈေးကျပ်နှစ်သောင်းပင် မပြည့်တော့သည့် အခြေအနေသို့ရောက်ရှိနေပြီး ယင်းဈေးနှုန်းသည် ရန်ကုန်မြို့တွင်း ဆိတ်သားတပိဿာ၏ ဈေးနှုန်းနှင့် သိသိသာသာ ခြားနားမှုမရှိတော့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ဆိတ်တကောင်၏ဈေးနှုန်းနှင့် ပတ်သက်၍ ကျောက်ပန်းတောင်းမြို့နယ်တွင် နေထိုင်သည့် ဆိတ်မွေးမြူရေးပြုလုပ်သူတဦးက ''အရင်က ဆိတ်တကောင် ငါးသောင်း အေးအေးဆေးဆေးရောင်းလို့ ရတယ်။ အခု ဆိတ်တကောင် နှစ်သောင်းဆိုရင်တောင် ၀ယ်လက်သိပ်မရှိဘူးဖြစ်နေတယ်။ အရင်အပတ်လောက်အထိ ဆိတ်တကောင် နှစ်သောင်းလောက်ဈေးရှိသေးတယ်။ အခု နှစ်သောင်းကို မပြည့်တော့'' ဟု ပြောသည်။

ယင်းကဲ့သို့ ဆိတ်အကောင်လိုက် အရောင်းအ၀ယ်ဈေးကွက်တွင် ဈေးနှုန်းများ ကျဆင်းနေသော်လည်း ရန်ကုန်မြို့၏ ဈေးကြီးများတွင် ဆိတ်သားအသား တပိဿာကျပ် ၁၆,၀၀၀ ခန့်ဖြင့် သိသာစွာ ဈေးနှုန်းကျဆင်းခြင်းမရှိသေးကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာ တတိယအပတ်ခန့်တွင် ဆိတ်အကောင်အကြီး ၁ကောင် ၏ ဈေးနှုန်းမှာ ကျပ် ၂ သောင်းခန့်အထိ ကျဆင်းနေပြီး အောက်တိုဘာ စတုတ္ထအပတ်တွင် ဆိတ်အကြီး ၁ ကောင်တွင် ကျပ် ၁ သောင်းခွဲခန့်သာ ရှိတော့သည်ဟု သိရသည်။ လတ်တလော ဆိတ်အလယ်အလတ် ၁ ကောင်လျှင် ကျပ် ၉၀၀၀ မှ ဆိတ်အကြီး ၁ သောင်းခွဲခန့်သာရှိသည်ဟု သိရသည်။

ယင်းကဲ့သို ဆိတ်အကောင်ဈေးနှုန်းကျဆင်းခြင်းနှင့်ပတ်သက်၍ ကျွဲ၊ နွား၊ သိုး၊ ဆိတ်မွေးမြူသူများအသင်းမှ တာဝန်ရှိသူ ဦးမင်းစိုးက ''တရုတ်က နယ်စပ်တွေကို ပိတ်လိုက်တာ။ ဒီဘက်က တရုတ်ဈေးကွက်ကို တင်ထားတာတွေရှိတယ်။ တင်ထားတဲ့ပစ္စည်းတွေက များနေတော့ ၀ယ်လိုအားက နည်းနေတယ်။ ပြည်တွင်းဈေး ကွက်က အဲဒီလောက်မဖြုန်းနိုင်ဘူး။ ၀ယ်သူမရှိတော့ ရောင်းသူက မခံနိုင်ဘူး။ ဒီတော့ ရရာဈေးနဲ့ရောင်းရင်းက ဈေးတွေက တအားကျကုန်တာ''ဟု ပြောသည်။ တရုတ်ပြည်မှ နယ်စပ်ဂိတ်များတွင် လုံခြုံရေးတင်းကျပ်ထားပြီး ဖမ်းဆီးရေးအဖွဲ့များနှင့် စိစစ်နေသည်မှာ ရက် ၂၀ ကျော်ခန့်ရှိပြီး ယင်းအချိန်အတွင်း၌ပင် ဆိတ် အကောင်ဈေးနှုန်း ထက်ဝက်ကျော်ကျဆင်းသွားခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းကဲ့သို့ ဆိတ်အကောင်ဈေးနှုန်းကျဆင်းနေသော်လည်း ရန်ကုန်မြို့ရှိ ဈေးကြီးများတွင် ဆိတ်အသားဈေးနှုန်းမကျ ဆင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ လေလံဈေးကြီးမြင့်ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

''ရန်ကုန်မှာ လက်လီဈေးကွက်မှာ ဈေးနှုန်းမကျတာက လိုင်စင်(င)ကြောင့် လိုင်စင်ဖိုးတွေ၊ အခွန်အခတွေရှိတာကိုး။ အဲဒါတွေမရှိရင် ဆိတ်ကို ဒီအတိုင်းပေါ် ရောင်း အချိုးအစားတွက်ရောင်းလို့ရတယ်။ အခုဟာက လေလံဆွဲထားတာတွေ အခွန်အခတွေ သယ်ယူစရိတ်တွေ ဘာညာဆိုတော့ မလိုအပ်ဘဲ ဈေးကမြင့်တက်နေတာပေါ့''ဟု ဆိုသည်။

ရန်ကုန်ကဲ့သို့သောနေရာတွင် ဆိတ်သား တပိဿာကျပ် ၁၆,၀၀၀ ဈေးပေါက်နေပြီး မိတ္ထီလာတွင် ဆိတ်သားတပိဿာ ကျပ်လေးထောင်ကျော်ဝန်းကျင်သာရှိသည်ဟု ဆိုသည်။ ယင်းကဲ့သို့ ဆိတ် အကောင်လိုက် ဈေးနှုန်းများ စံချိန်တင်ကျဆင်းနေ၍ ဆိတ်၊ သိုး မွေးမြူရေး ပြုလုပ်နေသည့် ကျေးလက်ဒေသအခြေခံလူတန်းစားများ အဆင်မပြေမှုများ မြင့်တက်နေပြီး လက်လီစားသုံးသူဈေးကွက် တွင်လည်း သိသိသာသာဈေးနှုန်းကျဆင်း ခြင်းမရှိဘဲ မတန်တဆဈေးကြီးမြင့်စွာ ၀ယ်ယူစားသုံးနေရသည်ဟု စုံစမ်းသိရသည်။

ယခင်က ဆိတ်မွေးမြူရေးပြုလုပ်သူများ ဆိတ်အုပ် ၁ အုပ်လုံး ခြံပြတ် ရောင်းလျှင် ကျပ်သိန်း ၂၀ ခန့်ရရှိသော် လည်း ယခုအခါ ခြံပြတ်ရောင်းလျှင် ၃၊၄ သိန်းခန့်သာ ပေါက်ဈေးရှိတော့ပြီး ၀ယ်လက်ပင်မရှိအောင် ဖြစ်နေသည်ဟု သိရသည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
နယ်မြို့ဆိတ်တကောင်ဈေးနှုန်းနှင့် ရန်ကုန်မြို့ဆိတ်သား တပိဿာဈေးတူညီနေ  နယ်မြို့ဆိတ်တကောင်ဈေးနှုန်းနှင့် ရန်ကုန်မြို့ဆိတ်သား တပိဿာဈေးတူညီနေ Reviewed by THITHTOOLWIN on 18:35 Rating: 5
Powered by Blogger.