မုံးကိုမြို့တွင်း ဆက်လက် တိုက်ပွဲ ပြင်းထန် နေ

တိုက်ပွဲ ဖြစ်ပွားပြီး မကြာမီ မီးလောင်နေတဲ့ မုံးကိုမြို့ ဓါတ်ပုံ- ကချင်သတင်းဌာန
ရှမ်းပြည်မြောက်ပိုင်း မြန်မာအစိုးရ ထိန်းချုပ်သော ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၆) နယ်မြေ မုံးကိုမြို့မှာ ယနေ့ ခြောက်ရက်မြောက် တိုက်ပွဲ ဆက်လက် ပြင်းထန်စွာ ဖြစ်ပွားနေပါသည်။

အစိုးရတပ်ဖွဲ့များနှင့် KIA တပ်မဟာ (၆) တပ်ဖွဲ့နှင့် မဟာမိတ် တပ်များသည် အဓိက အစိုးရ စစ်စခန်း (၃)ခုဖြစ်သည့် မုံးကို စစ်ဗျူဟာကုန်း၊ အမှတ် (၁) စခန်း ကုန်းနှင့် ဖေါင်းဆိုင် (Hpawng Seng) စခန်း များမှာ တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဒေသခံများ ဆိုပါသည်။

ဗျူဟာကုန်း အနီး မုံးကိုမြို့ ရပ်ကွက် (၆) နောင်ခမ်းရွာတွင် ဒေသ အချိန် နံနက် ၁၁ နာရီ ကျော်မှာ မီးလောင်မှု စတင် ဖြစ်ပွားလာသည်။ မည်သည့် အကြောင်းကြောင့် မီးလောင်မှု ဖြစ်ပွားခြင်းကို မသိရသေးပါ။

မြန်မာအစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ် မရေးထိုးသော တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ (၄)ဖွဲ့ ပါဝင်သော ‘မြန်မာပြည်မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု (Northern Alliance-Burma)’ နှင့် တပ်မတော်ကြား ရှမ်းပြည်မြောက်ပိုင်းမှာ နိုဝင်ဘာ ၂၀ ရက်နေ့မှ တိုက်ပွဲ နေ့စဉ် ဖြစ်ပွားနေပါသည်။

အစိုးရတပ်မှ တင့်ကားများဖြင့် စစ်ကူများ ပို့နေပြီး လေကြောင်းမှလည်း ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ် များနှင့် နေ့စဉ်လိုလို ပစ်ကူ ပေးနေသည်ဟု ဒေသခံများ ဆိုပါသည်။

လက်ရှိ Northern Alliance-Burma တပ်ပေါင်းစု တွင် ကချင် လွတ်လပ်ရေး တပ်မတော် KIA၊ ရက္ခိုင့်တပ်မတော် AA၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့ MNDAA နှင့် တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ ပါဝင်သည်။

Kachinnews
http://burmese.kachinnews.com
မုံးကိုမြို့တွင်း ဆက်လက် တိုက်ပွဲ ပြင်းထန် နေ  မုံးကိုမြို့တွင်း ဆက်လက် တိုက်ပွဲ ပြင်းထန် နေ Reviewed by THITHTOOLWIN on 23:11 Rating: 5
Powered by Blogger.