မင်းပြား ဦးစိုးတင့်ရပ်ကွက် မီးလောင်မှုကြောင့် အိမ်ဆိုင် ၁၁ ဆိုင်၊ နေအိမ် ၁ လုံး၊ ဆိုင်ခန်း ၉ ခန်း ပျက်စီးဆုံးရှုံးပြီး လူ ၅ ဦး ပြင်းထန်ဒဏ်ရာရ


မင်းပြား (Nov 26, 2016)

ရခိုင်​ပြည်​၊ မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်၌ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် (၁၀း၄၅) နာရီခန့်က စတင်လောင်ကျွမ်းခဲ့သည့် ပေါ့ဆမီးကြောင့် အိမ်ဆိုင် ၁၁ ဆိုင်၊ နေအိမ် ၁ လုံး၊ ဆိုင်ခန်း ၉ ခန်း ပျက်စီးဆုံးရှုံးပြီး လူ ၅ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။


ဖြစ်စဉ်အကျဉ်းမှာ မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက် (ဈေးချောင်းဝအနီး) ရှိ ဦးအောင်ဝင်း (၅၂နှစ်) ပိုင်ဆိုင်သည့် ကုန်စုံဆိုင်နှင့် ကပ်လျက်ရှိသော ၎င်းပိုင်ဆိုင်သည့် ဝပ်ရှော့မှ အလုပ်သမား (တူတော်စပ်သူ) မောင်ဘုလှ (ခ) ဦးတင်လှိုင် (၃၆နှစ်) (ဝပ်ရှော့လုပ်သူ) က ကုန်စုံဆိုင်ရှိ ဓာတ်ဆီပေပါမှ ဂါလံခွက်ထဲသို့ ဆေးလိပ်သောက်လျှက် ဓာတ်ဆီလောင်းထည့်စဉ် ဆေးလိပ်မီးမှတဆင့် မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။

မီးလောင်မှုကို မင်းပြားမြို့နယ် မီးသတ်တပ်ဖွဲ့နှင့် ရဲ၊ စစ်တပ်၊ ပြည်သူတို့ ပူးပေါင်းငြိမ်းသတ်ခဲ့ရပြီး နေ့လည် ၁၂ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ရသည်။

အဆိုပါ မီးလောင်မှုကြောင့် အိမ်ဆိုင် ၁၁ ဆိုင်၊ နေအိမ် ၁ လုံး၊ ဆိုင်ခန်း ၉ ခန်း ပျက်စီးဆုံးရှုံးပြီး လောင်စာဆီပုံးများ ပေါက်ကွဲမှုကြောင့် ကျား ၃ ဦး၊ မ ၂ ဦး၊ စုစုပေါင်းလူ ၅ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။


မီးလောင်ကျွမ်းမှုကြောင့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည့် ဦးအောင်သန်း (၂၅နှစ်) ဦးစိုးတင့်ရပ်ကွက် ၊ ဦးထွန်းအောင်ကျော် (၅၅နှစ်) ဥက္ကာပျံရပ်ကွက်၊ ဦးအောင်မျိုးသန့် (၂၇နှစ်) အလယ်ပိုင်းရပ်ကွက် ၊ ဒေါ်လှမြသန်း (၃၅နှစ်) ပန်ဇင်းမော်ကျေးရွာနှင့် ဒေါ်စိုးစိုး (၃၅နှစ်) ကေသလာချောင်းဝ တို့ကို မင်းပြား ပြည်သူ့ဆေးရုံမှတစ်ဆင့် စစ်တွေ ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းဆေးကုသမှုခံယူနိုင်ရန် ယင်းနေ့ညနေပိုင်းက မင်းပြားမှ စစ်တွေသို့ ရွှေပြည်တန် အမြန်ရေယာဉ်ဖြင့် မင်းပြားမြို့ လူမှုကူညီရေးအဖွဲ့အစည်းများမှ ဦးဆောင်၍ ပို့ဆောင်ပေးခဲ့ကြသည်။


အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် အိုးမဲ့အိမ်​မဲ့ ဖြစ်​သွားရသည့်​ အိမ်ခြေ (၁၂)အိမ်မှ ကျား (၅၂)ဦး၊ မ(၅၆)ဦးတို့ကို ဦးစိုးတင့်ရပ်ကွက်၊ မူလတန်းလွန်ကျောင်း၌ ခေတ္တနေရာထိုင်ခင်း ချထားပေးလျှက်ရှိကြောင်း သိရှိရသည်။

မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက် မီးလောင်ကျွမ်းမှုကြောင့် ဦးစိုးတင့်ရပ်ကွက်​ရှိ ဦးအောင်ဝင်း၏ ဝပ်ရှော့မှ အလုပ်သမား မောင်ဘုလှ (ခ) ဦးတင်လှိုင် (၃၆နှစ်) အား (ပ) ၃၈၆/၁၆ ရာဇသတ်ကြီးပုဒ်မ ၂၈၅၊ ၃၃၈ တို့ဖြင့် ဖမ်းဆီးကာ စစ်ဆေးလျှက်ရှိကြောင်း မင်းပြားမြို့မရဲစခန်းမှ သိရှိရပါသည်။

ယခု မီးလောင်မှုဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သိရှိနိုင်ရန် ပြောရေးဆိုခွင့်ရှိသည့် မင်းပြားမြို့နယ် မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီးမှူးအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့သည့် အတွက် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မသိရှိနိုင်ခဲ့ပါ။


ယခု မီးလောင်ကျွမ်းခဲ့သည့် နေရာ၌ပင် ၂၀၁၅ ခုနှစ် မေလ ၁၅ ရက် ညည့်သန်းခေါင်ယံအချိန်ခန့်က ပေါ့ဆမီးကြောင့် နေအိမ် ၁၈ လုံး၊ ဆန်စက် ၉ လုံး၊ သစ်စက် ၂ လုံး၊ ဆီစက် ၁ လုံးနှင့် ဆိုင်ခန်းငယ်အချို့ မီးလောင်ကျွမ်း ဆုံးရှုံးခဲ့ရကာ ယခု ဒုတိယအကြိမ် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက် မီးလောင်ကျွမ်းပြီး ပျက်စီးဆုံးရှုံးမှုများခြင်းသည် အဓိက နေအိမ်၊ ဆိုင်များ၌ လောင်စာဆီပုံးများ သိုလှောင်ရောင်းချမှုကြောင့် ဖြစ်ကြောင်း မင်းပြားမြို့မှ ပြည်သူများက သုံးသပ်နေကြသည့်အတွက် မင်းပြားမြို့​ပေါ်၌ ဤမီးလောင်ကျွမ်းမှုကဲ့သို့ နောက်ထပ် မီးလောင်မှုများ မဖြစ်ပွားစေရန် သက်ဆိုင်ရာ ဌာနလူကြီးများမှ မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စီမံချက်ရေးရုံမဟုတ်ဘဲ လက်တွေ့တွင် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးရန် လိုအပ်မည်ဖြစ်သည်။

မင်းပြား - သတင်း
26 . 11 . 2016
Photo: Original Uploaders
မင်းပြား - သတင်း
https://www.facebook.com/mongbranews/
မင်းပြား ဦးစိုးတင့်ရပ်ကွက် မီးလောင်မှုကြောင့် အိမ်ဆိုင် ၁၁ ဆိုင်၊ နေအိမ် ၁ လုံး၊ ဆိုင်ခန်း ၉ ခန်း ပျက်စီးဆုံးရှုံးပြီး လူ ၅ ဦး ပြင်းထန်ဒဏ်ရာရ  မင်းပြား ဦးစိုးတင့်ရပ်ကွက် မီးလောင်မှုကြောင့် အိမ်ဆိုင် ၁၁ ဆိုင်၊ နေအိမ် ၁ လုံး၊ ဆိုင်ခန်း ၉ ခန်း ပျက်စီးဆုံးရှုံးပြီး လူ ၅ ဦး ပြင်းထန်ဒဏ်ရာရ Reviewed by THITHTOOLWIN on 07:50 Rating: 5
Powered by Blogger.