မူဆယ်ခရိုင်အုပ်ချုပ်ရေး ဦးစီးဌာနက မေတ္တာရပ်ခံ

( ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် မူဆယ်မြို့ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို နိုဝင်ဘာလ ၂၃ ရက်နေ့ကတွေ့ရစဉ် ) Photo: Kan Thar/ RFA
ကောလာဟလတွေကြောင့် မူဆယ်ခရိုင်က ပြည်သူတွေအနေနဲ့ နေအိမ်တွေကို မစွန့်ခွာကြဖို့ မူဆယ်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက မေတ္တာရပ်ခံ ပန်ကြားချက်ကို ဒီကနေ့ ထုတ်ပြန် ခဲ့ပါတယ်။

ထွက်ပေါ်နေတဲ့ ကောလာဟလတွေကြောင့် နေအိမ်စွန့်ခွာမှုတွေဖြစ်နေပြီး လူမရှိတဲ့ နေအိမ်တွေကို ဖောက်ထွင်းတာ၊ ဖျက်ဆီးမီးရှို့တာတွေ ဖြစ်လာနိုင်တဲ့အတွက် အခုလို မေတ္တာရပ်ခံပန်ကြားရတာဖြစ်တယ်လို့ မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းက ပြောပါတယ်။

"ကျတော်တို့ မူဆယ်မြို့ပေါ်မှာ ဖြစ်ပွားမှုက မရှိဘဲနဲ့ လူတွေကနေပြီးတော့ ကောလာဟလ ပေါ့ဗျာ ကောလာဟလ တွေကြောင့်မို့လို့ ဒီနေအိမ်စွန့်ခွာပြီးတော့မှာ တိမ်းရှောင်တဲ့သူတွေက များတဲ့ အခါကျတော့ ညပိုင်းမှာ ကျတော့ လူတွေကမရှိဘူး အိမ်မှာလူမရှိတဲ့အခါကျတော့ မသမာတဲ့ လူတွေကနေပြီးတော့ ဝင်ပြီးတော့ ဖောက်တာတို့၊ ဖျက်ဆီးတာတို့ ပစ္စည်းခိုးယူတာတို့တွေ ဖြစ်စဉ်တွေ ပေါ်ပေါက်လာနိုင်တယ် နောက်ပြီးတော့ အနေအိမ် မီးရှို့တာတွေ ဖြစ်လာနိုင်တဲ့ အနေအထား ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျတော်တို့ မေတ္တာရပ်ခံ ပန်ကြားတာပါ မြို့လုံခြုံရေးကလည်း ကျတော် တို့က ပုံမှန်တည်ငြိမ်စပြုနေပါပြီ"

ဒါ့အပြင် မြို့လုံခြုံရေးအတွက် လိုအပ်လာရင် ဌာနဆိုင်ရာတွေ အနေနဲ့တရားဝင်အသိပေးသွားမှာ ဖြစ်ပြီး လိုအပ်တဲ့ အကူအညီတွေကိုလည်း ပေးသွားမှာ ဖြစ်တယ်လို့ ဦးဇော်မင်းက ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူတွေစိုးရိမ်နေတဲ့အတွက် မူဆယ်ခရိုင်အတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ရပ်တန့်ဖို့ မူဆယ်ခရိုင် တိုင်းရင်းသား စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို မေတ္တာရပ်ခံပန်းကြာချက် ပေးပို့သွားမယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ကစပြီး မူဆယ်ခရိုင်အတွင်းက ပန်ဆိုင်း(ကြူကုတ်)မြို့၊ မုံးကိုးမြို့၊ ကွတ်ခိုင်မြို့နဲ့ ၁၀၅ မိုင် ကျေးရွာတွေမှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ဒေသခံပြည်သူတွေက စိုးရိမ်ထိတ်လန့်နေပြီး မူဆယ်မြို့ပေါ်နဲ့ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်ရှောင်ကြတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မူဆယ်ခရိုင်အတွင်း စစ်ဘေးရှောင်ပြည်သူ ၃၇၀၀ ကျော်ရှိနေပြီလို့ မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကနေ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

မူဆယ်ခရိုင်အုပ်ချုပ်ရေး ဦးစီးဌာနက မေတ္တာရပ်ခံ  မူဆယ်ခရိုင်အုပ်ချုပ်ရေး ဦးစီးဌာနက မေတ္တာရပ်ခံ Reviewed by THITHTOOLWIN on 16:11 Rating: 5
Powered by Blogger.