နယ်ခြားစောင့်ရေကြောင်း ရဲတပ်ဖွဲ့က နတ်မြစ်ကြောင်း၌ ပိတ်ဆို့ ရှင်းလင်းရေး ဆောင်ရွက်လျက်ရှိ


မောင်တော နိုဝင်ဘာ ၅

“မြန်မာနိုင်ငံအနောက်ဘက် နယ်စပ်တစ်လျှောက် လုံခြုံရေးဆောင်ရွက်လျက်ရှိတဲ့ နယ်ခြားစောင့်ရဲ တပ်ဖွဲ့များနဲ့ ဆက်သွယ်ညှိနှိုင်းပြီး နတ်မြစ်တစ်လျှောက် ပိတ်ဆို့ရှင်းလင်းရေး ဆောင်ရွက်နေသလို တစ်ဖက် နိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနဲ့လည်း ဆက်သွယ်ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု မောင်တော မြို့ နတ်မြစ်နှင့် တပ်ချောင်းဆုံအနီးရှိ Pass of Entry and Exit – POE မှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ရေကြောင်း တာဝန်ခံ အရာရှိတစ်ဦးက ရှင်းလင်းပြောကြားသည်။

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ နယ်နိမိတ်ထိစပ်မှုတွင် နတ်မြစ်ကြောင်းအလယ်အတိုင်း အရှည် ၃၂ မိုင် ထိစပ်မှုလည်းပါဝင်လျက်ရှိသည်။ အဆိုပါနတ်မြစ်သည် မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့အနောက် ဘက်ရှိ နှစ်နိုင်ငံနယ်စပ်တံတားအနီးမှ စတင်မြစ်ဖျားခံစီးဆင်းခဲ့ပြီး မောင်တောမြို့နယ်၊ အလယ်သံကျော်ရွာ တောင်ဘက်ရှိ တုံးချောင်းဝတွင် ဘင်္ဂဘားပင်လယ်အော်အတွင်းသို့ စီးဝင်သည်။

မြန်မာနိုင်ငံဘက်ခြမ်း နတ်မြစ်ရိုးတစ်လျောက်ရှိ ကမ်းနားအတိုင်း ခြံစည်းရိုးကာရံထားရှိပြီး နယ်ခြား စောင့်ရဲတပ်ဖွဲ့မှ ကင်းစခန်းများအပြင် လှည့်ကင်းများဖြင့် လှုပ်ရှားစိုးမိုးကာ နယ်မြေလုံခြုံရေးဆောင်ရွက် လျက်ရှိသကဲ့သို့ နတ်မြစ်ကြောင်းတွင်လည်း နယ်ခြားစာင့်ရေကြောင်းရဲတပ်ဖွဲ့မှ အမြန်တိုက်ခိုက်ရေးရေယာဉ် များ၊ ရော်ဘာဘုတ်များအသုံးပြုပြီး နေ့ရောညပါ လှည့်လည်လုံခြုံရေး ဆောင်ရွက်လျက်ရှိသည်။

နယ်ခြားစောင့်ရေကြောင်းရဲတပ်ဖွဲ့အနေဖြင့် နတ်မြစ်ကြောင်းတစ်လျှောက် လုံခြုံရေးဆောင်ရွက်ရာတွင် တရားမ၀င် ရွှေ့ပြောင်းသွားလာသူများ ၀င်ရောက်မှုမရှိစေရန်၊ တရားမ၀င် လက်နက်မှောင်ခိုမှုများ၊ မူးယစ် ဆေးဝါးသယ်ယူရောင်းချမှုများ၊ တရားမ၀င်ငါးဖမ်းမှုများအား တားဆီးကာကွယ်ရန်၊ ဖမ်းဆီးအရေးယူရန်နှင့် ပင်လယ်ဓားပြရန်မှ ကာကွယ်နှိမ်နင်းရန် အဓိကထားဆောင်ရွက်လျက်ရှိသကဲ့သို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များကိုလည်း လိုအပ်သလို ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် တရားဝင် သွားလာသည့်ရေယာဉ်များနှင့် ခရီးသွားများကိုလည်း သတင်းရရှိမှုနှင့်အတူ သံသယရှိပါက နတ်မြစ်ကြောင်းအတွင်း ရေယာဉ်အားရပ်တန့်စေပြီး စစ်ဆေးရှာဖွေမှုကိုလည်း ဆောင်ရွက် လျက်ရှိရာ မသင်္ကာသူများ၊ တရားမ၀င်ငါးခိုးဖမ်းလှေများ ဖမ်းဆီးရမိပါက ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာရဲစခန်းများသို့ လွှဲပြောင်းအပ်နှံလျက်ရှိကြောင်းလည်းသိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
နယ်ခြားစောင့်ရေကြောင်း ရဲတပ်ဖွဲ့က နတ်မြစ်ကြောင်း၌ ပိတ်ဆို့ ရှင်းလင်းရေး ဆောင်ရွက်လျက်ရှိ  နယ်ခြားစောင့်ရေကြောင်း ရဲတပ်ဖွဲ့က နတ်မြစ်ကြောင်း၌ ပိတ်ဆို့ ရှင်းလင်းရေး ဆောင်ရွက်လျက်ရှိ Reviewed by THITHTOOLWIN on 10:02 Rating: 5
Powered by Blogger.