ကျောက်ဖြူမြို့နယ်တွင် အရက်အတူသောက်ကြရာမှ လူသတ်မှုဖြစ်ပွား


နိရဉ္စရာ၊ နိုဝင်ဘာ ၇ ရက်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၊ တောင်ရင်းအုပ်စု၊ ကလဘာတောင်ကျေးရွာတွင် နိုဝင်ဘာလ ၆ ရက် ည ၈ နာရီခန့်က အရက်အတူ သောက်ရာမှ ရန်ဖြစ်ပြီး တစ်ဦးသေဆုံးသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူမှာ ကလာဘာတောင်ရွာနေ ကိုဖိုးထူး (၂၅) နှစ် (ဘ) ဦးခင်မောင်ကြည် ဖြစ်ကြောင်း သိရသည်။

ကာလဘာတောင် ကျေးရွာ သိမ်ကုန်းဘုန်းကြီးကျောင်းအနီး ကန်ဘောင်ပေါ်တွင် ကိုဖိုးထူးနှင့် ဦးကျော်သန်းအောင် အရက် အတူသောက်ကြပြီး အချင်းများ ရန်ဖြစ်၍ သတ်ပုတ်ကြရာမှ ကိုဖိုးထူးမှာ ရေကန်ထဲ ပြုတ်ကျ သေဆုံး သွားခဲ့ကြောင်း သိရသည်။

ဦးကျော်သန်းအောင်မှာ အသက် (၃၄) နှစ်ဖြစ်ပြီး ဦးမောင်ဖိုးနိုင်၏ သားဖြစ်ပြီး သူ့အား အခင်းဖြစ်ပွားပြီး ၃ နာရီခန့်အကြာတွင် ဖမ်းမိသည်ဟု ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲအုပ်ရဲထွန်းမှ နိရဉ္စရာသို့ပြောသည်။

“သူတို့ အခင်းပွားရန်ဖြစ်ချိန်မှာ မျက်မြင်သက်သေတွေရှိပါတယ်။ သေဆုံးသူအလောင်းကတော့ ဒီနေ့ နိုဝင်ဘာ ၇ ရက်နေ့ မနက် ၉ နာရီခွဲလောက်မှာ ရေပေါ်ကနေ ပေါ်လာပါတယ်။ သေဆုံးသူ မောင်ဖိုးထူးကတော့ ညာဖက် ခြေထောက် မွေးရာပါ မသန်စွမ်းသူပါ” ဟု ရဲအုပ်ရဲထွန်းမှ ဆက်ပြောသည်။

သေဆုံးသူ ဖိုးထူးနှင့် ရန်ဖြစ်သူ ဦးကျော်သန်းအောင်မှာ ယခင်က ရင်ငြိုးတစ်စုံတစ်ရာမရှိကြောင်း၊ အရက် အတူသောက်ဖော် သောက်ဖက်ဖြစ်ကြောင်း သိရသည်။

ဦးကျော်သန်းအောင်အား သေဆုံးသူဖိုးထူး၏ အစ်မဖြစ်သူ မခင်ဝင်းရီ(၂၈) မှ တရားလိုလုပ်ပြီး အမှုအမှတ် (ပ)၇၁၈/၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့် ဆောင်ရွက်နေကြောင်းသိရသည်။

Photo - Facebook
ရွှေရအောင်(တောင်ကုတ်)
Narinjara
https://www.facebook.com/Narinjara
ကျောက်ဖြူမြို့နယ်တွင် အရက်အတူသောက်ကြရာမှ လူသတ်မှုဖြစ်ပွား  ကျောက်ဖြူမြို့နယ်တွင် အရက်အတူသောက်ကြရာမှ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 05:51 Rating: 5
Powered by Blogger.