ရခိုင်ပြည်နယ်၊ မောင်တောနယ်မြေအတွင်း နယ်မြေရှင်းလင်းမှုများနှင့် ပတ်သက်၍ သတင်းဌာနများမှ မမှန်သတင်းထုတ်လွှင့်မှုများအပေါ် သတင်းမှန်ပြန်ကြားခြင်း


နေပြည်တော်၊ နိုဝင်ဘာ ၁၄

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်ထုတ် Bangkok Post သတင်းစာတွင် လူနေအိမ်နှင့် လယ်တဲအများစု ပါဝင်သော အဆောက်အဦ ၄၃၀ လုံး၊ ကြက်ရိုးပြင်ရွာတွင် အဆောက်အဦ ၂၄၅ လုံး၊ ၀ါးပိတ်ရွာတွင် အဆောက်အဦ ၁၀၀ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း၊ အလားတူ RB News Website တွင်လည်း ဒါးကြီးစားရွာတွင် အိမ်ခြေ ၇၀၀ လုံးခန့်ပျက်စီးခဲ့ကြောင်း၊ နိုဝင်ဘာ ၁၂ ရက် တိုက်ပွဲဖြစ်စဉ်တွင် ဘင်္ဂါလီ ၈၀ ဦးကျော် သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။

ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်း အောက်တိုဘာ ၉ ရက်မှစတင်၍ ယနေ့အထိ ဖြစ်စဉ်ဖြစ်ရပ်များအား နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ်များနှင့် ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်ပေးလျက်ရှိရာ ယနေ့အထိ ဘင်္ဂါလီအကြမ်းဖက်သမားများမှ မီးရှို့ထွက်ပြေးကြ၍ မီးလောင်မှုဖြစ်ပွားခဲ့သည့် ကျေးရွာ ၆ ရွာရှိခဲ့ပြီး တပ်မတော်စစ်ကြောင်းများနှင့် လုံခြုံရေးတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးသည့် ပုံစံမျိုးဖြစ်စေရန် ဖန်တီး လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။ ဘင်္ဂါလီအကြမ်းဖက်သူများ၏ မီးရှို့ဖျက်ဆီးထွက်ပြေးမှုကြောင့် ၀ါးပိတ်ကျေးရွာတွင် အိမ်ခြေ ၁၀၅ လုံး၊ ကြက်ရိုးပြင်ရွာတွင် အိမ်ခြေ ၅ လုံး၊ ငါးခူရ (ဘင်္ဂါလီ)ကျေးရွာတွင် ဆိုင်ခန်း ၃ ခန်း၊ မြင်းလွတ်ရွာသစ်ရှိ လူနေထိုင်ခြင်းမရှိသော ရဲကင်းအဆောက်အဦ ၃ လုံး၊ မြင်းလွတ်(အနောက်)ရွာမ အလယ်တန်းကျောင်းရှိ ဆရာမ အိပ်ဆောင် ၁ ဆောင်၊ ဒါးကြီးစား(တောင်)ရွာတွင် နေအိမ် ၆၀ လုံး၊ ဂွဆုံကျေးရွာတွင် နေအိမ် ၅၀ လုံး၊ ပွင့်ဖြူချောင်းရွာတွင် နေအိမ် ၅၀ လုံး စုစုပေါင်း အဆောက်အဦ ၂၇၇ လုံး မီးလောင်ပျက်စီးခဲ့ပြီး နိုဝင်ဘာ ၁၂ ရက် တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍လည်း နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်ထုတ် မြ၀တီသတင်းစာအပါအ၀င် သတင်းဌာနများ၌ ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ၎င်းအပြင် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ တိုက်ပွဲဖြစ်စဉ် ၉ ကြိမ်၊ ဘင်္ဂါလီဖမ်းဆီးရရှိမှု ၆၁ ကြိမ်၊ လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိမှု ၁၀ ကြိမ်၊ ပစ်ခတ်ဖမ်းဆီးမှု ၉ ကြိမ်၊ နှောက်ယှက်ပစ်ခတ်ခံရမှု ၃ ကြိမ်၊ ကားမိုင်းဖောက်ခွဲခံရမှု ၃ ကြိမ် ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ဘင်္ဂါလီ ၆၉ ဦးနှင့် ဖမ်းဆီးရမိ ၂၃၄ ဦး ရှိခဲ့ပါသည်။ ဖမ်းဆီးရမိသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဥပဒေနှင့်အညီ စစ်ကြောမေးမြန်း ဖော်ထုတ်လျက်ရှိရာ ဖမ်းဆီးရမိသူများအနက် ၂၉ ဦးကို တရားဥပဒေနှင့်အညီ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး သက်ဆိုင်ခြင်းမရှိသူ ၂၃ ဦးကို ပြန်လည်စေလွှတ်ပေးခဲ့ပြီး ဖြစ်သည်။ မိမိတပ်မတော်မှ စစ်ကြောင်းမှူးအပါအ၀င် အရာရှိ/စစ်သည် ၇ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရပြီး အရာရှိ/စစ်သည် ၅ ဦး ဒဏ်ရာရရှိခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာ ၁၄ ရက်ထုတ် Bangkok Post သတင်းစာနှင့် RB News Website တို့မှ ထုတ်လွှင့်ခဲ့သည့် ကျေးရွာအလိုက် မီးလောင်ဆုံးရှုံးမှု အိမ်ခြေအရေအတွက်များကိုလည်း မှန်ကန်မှုရှိ/မရှိ ထပ်မံစိစစ် အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အချိန်မီ ထပ်မံသတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။

တပ်မတော်အနေဖြင့် မောင်တောဒေသတွင် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဥပေဒေနှင့်အညီ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုများကို အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်လျက်ရှိကြောင်း သတင်းမှန်ပြန်ကြားအပ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
ရခိုင်ပြည်နယ်၊ မောင်တောနယ်မြေအတွင်း နယ်မြေရှင်းလင်းမှုများနှင့် ပတ်သက်၍ သတင်းဌာနများမှ မမှန်သတင်းထုတ်လွှင့်မှုများအပေါ် သတင်းမှန်ပြန်ကြားခြင်း  ရခိုင်ပြည်နယ်၊ မောင်တောနယ်မြေအတွင်း နယ်မြေရှင်းလင်းမှုများနှင့် ပတ်သက်၍ သတင်းဌာနများမှ မမှန်သတင်းထုတ်လွှင့်မှုများအပေါ် သတင်းမှန်ပြန်ကြားခြင်း Reviewed by THITHTOOLWIN on 22:57 Rating: 5
Powered by Blogger.