စပါးဈေးကျတဲ့ ဒေသတွေမှာ အစိုးရဘတ်ဂျတ်နဲ့ ဆန်ဝယ်မယ်


ဆန်စပါးဈေးနှုန်းကျဆင်းနေတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နိုင်ငံတော်ဘက်ဂျက်နဲ့ ဆန်ဝယ်ယူဖို့ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်ရေး ဦးဆောင်အဖွဲ့က စီစဉ်နေပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လယ်ယာထွက်ကုန် စီမံခန့်ခွဲရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ဈေးနှုန်းကျဆင်းနေတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ဆန်ဝယ်ယူဖို့ ဆောင်ရွက်နေတယ်လို့ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်ရေး ဦးဆောင်အဖွဲ့က အဖွဲ့ဝင် ဦးအောင်သန်းဦးက ပြောပါတယ်။

"တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်ရေး ဦးဆောင်အဖွဲ့အနေနဲ့ နိုင်ငံတော် ပြည်ထောင်စုဘက်ဂျက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကနေ တိုင်းဒေကြီး၊ ပြည်နယ် လယ်ယာထွက်ကုန် စီမံခန့်ခွဲရေးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့မှ ဈေးနှုန်းကျဆင်းနေတဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ ၀ယ်လိုအား မြင့်တက်လာဖို့အတွက် နိုင်ငံတော်ကနေ ဆန်ဝယ်ယူပေးမယ်"

တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်ရေး ဦးဆောင်အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်နဲ့ အဖွဲ့ဝင်တွေက မနေ့က နေပြည်တော် သမ္မတရုံးအစည်းအဝေးခန်းမမှာ အစည်းအဝေးကျင်းပခဲ့ပြီး အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီ ဆန်ဝယ်ယူရေးကိစ္စရပ်တွေကို တိုင်းနဲ့ပြည်နယ် လယ်ယာထွက်ကုန် စီမံခန့်ခွဲရေးအဖွဲ့တွေနဲ့ အသေးစိတ် ညှိနှိုင်းသွားမှာဖြစ်ပါတယ်။

ပြည်ပ၀ယ်လက်တွေ ပိုမိုရရှိလာဖို့အတွက်လည်း အစိုးရအချင်းချင်း ချိတ်ဆက်ရောင်းဝယ်နိုင်ဖို့ တရုတ်ဝယ်လက် တစ်ခုတည်းကိုပဲ အားထားနေရတာမျိုးထက် အာရှနိုင်ငံတွေမှာ ဈေးကွက်ထိုးဖောက်ဖို့ ရေကြောင်းကနေ တင်ပို့နိုင်ရေး စတာတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

စပါးဈေးဟာ မနှစ်က စပါးတင်း ၁၀၀ ကို ကျပ်ငွေ ငါးသိန်းခွဲလောက် ပေါက်ဈေးရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ တင်းတစ်ရာကို လေးသိန်းကျော်လောက်သာ ပေါက်ဈေးရှိနေတာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
စပါးဈေးကျတဲ့ ဒေသတွေမှာ အစိုးရဘတ်ဂျတ်နဲ့ ဆန်ဝယ်မယ်  စပါးဈေးကျတဲ့ ဒေသတွေမှာ အစိုးရဘတ်ဂျတ်နဲ့ ဆန်ဝယ်မယ် Reviewed by THITHTOOLWIN on 17:14 Rating: 5
Powered by Blogger.