မဟာသုတေသနသင်တန်းတက်ရန် မုံရွာသို့လာသော ကျောင်းသူတစ်ဦး လမ်းတွင် အသတ်ခံရ

သေဆုံးသူ ဒေါ်နီနီဝင်းရွှေ - ဓါတ်ပုံ - facebook
မုံရွာ၊ အောက်တိုဘာ ၂။

ဝက်လက်မြို့မှ မုံရွာတက္ကသိုလ်သို့ မဟာသုတေသန သင်တန်းတက်ရန် လာသော အသက် ၂၅ နှစ်အရွယ် ကျောင်းသူတစ်ဦး ၀က်လက်-မုံရွာသွားကားလမ်း အရာတော်မြို့နယ် ၀ါးတန်းရွာအနီး ပဲစင်းငုံခင်းဘေးတွင် နိုဝင်ဘာ ၁ ရက်နေ့ ညနေပိုင်းက အသတ်ခံရကြောင်း မုံရွာခရိုင် ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိသည်။

၎င်းအမျိုးသမီးသည် ၀က်လက်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် အကြီးတန်းစာရေး ၊အဖြစ် လုပ်ကိုင်နေပြီး သတ္တဗေဒ မေဂျာ မဟာ သုတေသန သင်တန်းတက်ရန် မုံရွာမြို့သို့လာစဉ် ဒဏ်ရာများဖြင့် လမ်း၌ သေဆုံးနေခြင်း ဖြစ်သည်။

ဓါတ်ပုံ - facebook
"မုံရွာကသူ့ သူငယ်ချင်းတွေကိုတော့ ဖုန်းဆက်ပြီး ဆိုင်ကယ်နဲ့ လာတယ် ပြောတယ်။ အချိန်တန်လို့ ရောက်မလာတော့မှ အသတ်ခံရမှန်းသိတာလို့ ပြောတယ်။ သူ့ဖုန်းကလည်း ပျောက်နေတယ်။ လမ်းမှာ သူက ဆိုင်ကယ် တစ်စင်းနဲ့ လိုက်လာ တာဖြစ်နိုင်ပါတယ်။ သဲလွန်စတော့ ရထားပါတယ်"ဟု မုံရွာခရိုင်ရဲတပ်ဖွဲ့ရုံးမှ အရာရှိတစ်ဦးက ပြောသည်။

သေဆုံးသူအမျိုးသမီး၏ မောင်ဖြစ်သူသည် ၄င်းအား မုံရွာသွားရန် ကားဂိတ်သို့ ပို့ဆောင်ပေးပြီး ပြန်ခဲ့ကြောင်း သိရသည်။

၎င်းသည် ကားဖြင့်မလိုက်ပဲ အသိမိတ်ဆွေ တစ်ဦး၏ ဆိုင်ကယ်ဖြင့် လမ်းကြုံလိုက်လာဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့မှ ခန့်မှန်းထားပြီး ဓားဒဏ်ရာ သုံးချက်ဖြင့် လမ်းတွင် သေဆုံးနေခြင်း ဖြစ်သည်။

၎င်း၏ လက်ကိုင်အိတ်ထဲမှ ပိုက်ဆံနှင့်ပစ္စည်းများ၊ခန္ဓာကိုယ်တွင် ၀တ်ထားသော လက်ဝက်လက်စားများလည်း ပျောက်ဆုံးခြင်းမရှိကြောင်း သိရသည်။

၎င်းအမှုအား လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် ဖွင့်ထားပြီး လူသတ်တရားခံအား ရှာဖွေနေကြောင်း သတင်းရရှိသည်။

ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar
မဟာသုတေသနသင်တန်းတက်ရန် မုံရွာသို့လာသော ကျောင်းသူတစ်ဦး လမ်းတွင် အသတ်ခံရ  မဟာသုတေသနသင်တန်းတက်ရန် မုံရွာသို့လာသော ကျောင်းသူတစ်ဦး လမ်းတွင် အသတ်ခံရ Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.