မောင်တောခရိုင်အတွင်း ကျေးရွာအချို့မှ နေအိမ်အချို့အား မီးရှို့ထွက်ပြေးပြီး ထင်ယောင်ထင်မှား ဖြစ်စေရန် လုပ်ကြံဝါဒ ဖြန့်လျက်ရှိ


မောင်တော နိုဝင်ဘာ ၃

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း အောက်တိုဘာ ၉ ရက်က နယ်ခြားစောင့် ရဲတပ်ဖွဲ့များအား အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ကျဆုံးဒဏ်ရာ ရရှိခဲ့ကြသည့်အပြင် လက်နက်နှင့် ဆက်စပ် ပစ္စည်းများ ဆုံးရှုံးခဲ့ရသည်။

ထို့ကြောင့် တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး နယ်မြေ ပိတ်ဆို့ ရှင်းလင်းရေးနှင့် လုံခြုံရေး ဆောင်ရွက်စဉ် တပ်မတော်သား ၅ ဦး ကျဆုံးခဲ့ကာ အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုတွင် ပါဝင် ပတ်သက်သည့် မသင်္ကာသူများကို အသေရရှိသကဲ့သို့ အရှင်ဖမ်းဆီးရသူများ ကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးလျက်ရှိသည်။

ထိုသို့ နယ်မြေလုံခြုံရေး ဆောင်ရွက်နေမှုများအပေါ် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများနှင့် ပါဝင် ပတ်သက်သူများ၊ မလိုလားသူများက ကျေးရွာ အချို့မှ နေအိမ်အချို့ကို မီးရှို့ ထွက်ပြေးပြီး ရွာသူ ရွာသားများ နေရပ်စွန့်ခွာ ထွက်ပြေးစေရန်၊ လုံခြုံရေး ဆောင်ရွက်သူများအပေါ် ထင်ယောင် ထင်မှား ဖြစ်စေရန်နှင့် အခြေအနေ ရှုပ်ထွေးပြီး မတည်မငြိမ် ဖြစ်စေရန် လုပ်ကြံဝါဒဖြန့်မှုများ ပြုလုပ်လျက် ရှိကြသည်။


ကျီးကန်းပြင်၊ ၀က်ဘိတ်၊ စံပယ်ကုန်း၊ ပြောင်ပိုက်၊ ငါးစာကြူးနှင့် ငါးခူရကျေးရွာ များရှိ အစွန်ပိုင်းနှင့် လမ်းနံဘေးမှ နေအိမ်အချို့ မီးလောင်မှုများ ဖြစ်ပွားခဲ့ရာ ၄င်းနေအိမ်အများစုမှာ အိမ်နှင့်တဲငယ်များ ဖြစ်ပြီး အတွင်း၌ အသုံးအဆောင် ပစ္စည်းများ ကြိုတင် ရွှေ့ပြောင်းထားသည်ကို တွေ့ရှိခဲ့ရသည်။ အိမ်ကြီး အိမ်ကောင်းများ အပါအ၀င် ခိုင်ခန့်သည့် အိမ်ကြီးများနှင့် အနီးဝန်းကျင် နေအိမ် များကိုမူ မီးရှို့မှုမရှိကြောင်း နှိုင်းယှဉ်တွေ့ရှိရသည်။ မီးရှို့ခံရသည့် နေအိမ်များကို တပ်မတော်သားများက ၀ိုင်းဝန်း မီးငြှိမ်းသတ်ခဲ့သော်လည်း အဆိုပါ ကျေးရွာရှိ အစ္စလာမ်ဘာသာဝင်များမှာ ၀ိုင်းဝန်း ငြှိမ်းသတ်ခြင်း မရှိဘဲ မလှမ်းမကမ်းမှသာ ရပ်ကြည့်နေခဲ့ကြသည်။

နိုဝင်ဘာ ၂ ရက်တွင် မောင်တောခရိုင်အတွင်း ဖြစ်စဉ်များဖြစ်ပွား ခဲ့သည့် ကျေးရွာများသို့ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် သံတမန်များကို တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသစဉ် နေအိမ်စွန့်ခွာ တိမ်းရှောင်နေသူများမှာ ပြန်လည်စုရုံး ရောက်ရှိလာကြပြီး ကူညီကယ် ဆယ်ရေး လုပ်ငန်းများ လိုအပ်လျက်ရှိကြောင်း လုပ်ကြံပြောဆိုခြင်း၊ ကြိုတင် ရေးသား ထားသော စာများ လက်ကမ်းပေးအပ်ခြင်းတို့ကို အစီအမံရှိစွာဖြင့် လုပ်ဆောင် ခဲ့ကြောင်း တွေ့ရသည်။

ထို့ပြင် ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက် မှုများ မဖြစ်ပွားမီ၊ ဖြစ်ပွားချိန်နှင့် ဖြစ်ပွားပြီးနောက်ပိုင်း လုပ်ဆောင်ချက် များမှာ ဘက်ပေါင်းစုံမှ ကြိုတင်အကွက်ချစီမံ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နယ်မြေ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များကို တာဝန် ရှိသူများက တာဝန်သိပြည်သူများနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မောင်တောခရိုင်အတွင်း ကျေးရွာအချို့မှ နေအိမ်အချို့အား မီးရှို့ထွက်ပြေးပြီး ထင်ယောင်ထင်မှား ဖြစ်စေရန် လုပ်ကြံဝါဒ ဖြန့်လျက်ရှိ  မောင်တောခရိုင်အတွင်း ကျေးရွာအချို့မှ နေအိမ်အချို့အား မီးရှို့ထွက်ပြေးပြီး ထင်ယောင်ထင်မှား ဖြစ်စေရန် လုပ်ကြံဝါဒ ဖြန့်လျက်ရှိ Reviewed by THITHTOOLWIN on 05:01 Rating: 5
Powered by Blogger.