မြန်မာဘက်က ၀င်ရောက်လာသူများကို တားဆီးရန် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်များ ပိုမိုတိုးချ

(ဓာတ်ပုံ- မြန်မာဘက်က ၀င်ရောက်လာသူများကို ဆန့်ကျင်ရန် ဟောပြောနေစဉ်။)
နိရဉ္စရာ၊ နိုဝင်ဘာ ၁၇

မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်နှင့် ဆက်စပ်နေသော ဘင်္ဂလာဒေ့ရှ်နိုင်ငံ တက်ကနက်မြို့နယ်စပ် တစ်လျှောက်တွင် မောင်တောမြို့နယ်မှ ရိုဟင်အမည်ခံ ဘင်္ဂလီများ ထွက်ပြေးဝင်ရောက်မလာနိုင်ရန် နယ်ခြားစောင့်တပ်တပ်ဖွဲ့များကို တိုးချဲ့ချထားလိုက်သည်ဟု သတင်းရရှိသည်။

အနည်းဆုံး တပ်ခွဲ သုံးခုခန့်ကို တက်ကနက်မြို့နယ် နယ်စပ်သို့ ဗုဒ္ဓဟူးနေ့ နေ့လယ်က ပို့ပေးလိုက်ကြောင်း တက်ကနက် နယ်ခြားစောင့်တပ် (BGB 2) မှ တပ်ရင်းမှူး ဗိုလ်မှူးချုပ် Abu Zar Al Jahid uက ပြောကြောင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံ bdnews24.com တွင် သတင်းဖော်ပြသည်။

ယခု အသစ်ချလိုက်သော နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအနေဖြင့် မြန်မာဘက်မှ ၀င်ရောက်လာသူများကို တားဆီးရန်သာမက သူတို့ ၀င်ရောက်လာမှုကို ဆန့်ကျင်ကြရန် ဘင်္ဂလာဒေ့ရှ် လူထုအား အသိ ပညာပေးမှု မြင့်တင်ရေးကိုလည်း ပြုလုပ်သွားမည်ဟု ဆိုသည်။

၎င်းပြင် ရိုက်တာ (Reuters) က ရေးသော သတင်းကို ကိုးကားပြီး အောက်တိုဘာလ ၉ ရက်နေ့ နယ်ခြားစောင့်တပ်ဖွဲ့များ အတိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးပြီးနောက် များမကြာမီက ပြုလုပ်ခဲ့သော စစ်ဆင်ရေးများ အတွင်း ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီ ၁၃၀ သေဆုံးခဲ့ကြောင်း စစ်တပ်က ပြောသည်ဟု ဆိုကာ ၎င်းBdnews 24 သတင်းတွင် ဖော်ပြထားသည်။

၎င်းရိုက်တာသတင်းကပင် လူပေါင်းရာချီပြီး နတ်မြစ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလာဒေ့ရှ်သို့ ထွက်ပြေးရန် ကြိုးပမ်းနေကြောင်း ဖော်ပြထားသည်ဟု ဆိုသည်။

လွန်ခဲ့သော အင်္ဂါနေ့ နံနက်ပိုင်းက နတ်မြစ်ကို ဖြတ်ကျော်ပြီး မြန်မာဘက်က လူပေါင်း ၈၀ ခန့် ဘင်္ဂလာဒေ့ရှ်သို့ ထွက်ပြေးဝင်ရောက်လာသော်လည်း ပြန်လည် နှင်ထုတ်ခဲ့သည်ဟု သတင်းကဆိုသည်။

ယခင်က တစ်နေ့လျှင် တစ်ဦးစနှစ်ဦးစသာ ဘင်္ဂလာဒေ့ရှ်ဘက်ကို ၀င်ရောက်လာသော်လည်း အောက်တိုဘာ ၉ ရက်နေ့ နောက်ပိုင်း မြန်မာနယ်ခြားစောင့် စခန်းများကို စစ်သွေးကြွများမှ ၀င်ရောက် တိုက်ခိုက်ပြီးနောက် ဘင်္ဂလာသို့ ၀င်ရောက်ရန် ကြိုးပမ်းသူများ ပိုများလာခဲ့သည်ဟု ဆိုသည်။

လက်ရှိ မောင်တောမြို့နယ်တွင် ဖြစ်ပွားနေသော သွေးထွက်သံယိုမှုသည် ၂၀၁၂ ခုနှစ်အတွင်း ရခိုင်တွင် ပေါ်ပေါက်ခဲ့သော လူမျိုးရေး၊ ဘာသာရေး အဓိဂရုဏ်းထက် စိုးရိမ်စရာ အခြေအနေရှိကြောင်း ရိုက်တာကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားခြင်း ဖြစ်ပါသည်။

(မှတ်ချက်- တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဘင်္ဂလီ ၆၉ ဦးသာ သေဆုံးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ သို့သော် ရိုက်တာသတင်းဌာနက ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီ ၁၃၀ သေဆုံးကြောင်း စစ်တပ်က ပြောသည်ဟု သတင်း ဖော်ပြထားသဖြင့် ကိန်းဂဏန်းကွဲလွဲနေသော်လည်း သူတို့ သတင်းပါ ကိန်းဂဏန်း အတိုင်းရေးသား ဖော်ပြလိုက်ပါသည်။)

Narinjara
https://www.facebook.com/Narinjara
မြန်မာဘက်က ၀င်ရောက်လာသူများကို တားဆီးရန် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်များ ပိုမိုတိုးချ  မြန်မာဘက်က ၀င်ရောက်လာသူများကို တားဆီးရန် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်များ ပိုမိုတိုးချ Reviewed by THITHTOOLWIN on 11:11 Rating: 5
Powered by Blogger.