အစိုးရ ဂျက်၊ ရဟတ်ယာဉ်များ မဟာမိတ်တပ် ၃ နေရာကို တိုက်ခိုက်

အစိုးရ စစ်ရဟတ်ယာဉ်
မြန်မာစစ်တပ် ဂျက် တိုက်လေယာဉ်နှင့် ရဟတ်ယာဉ် များသည် ရှမ်းပြည်မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု တပ်ဖွဲ့များ ရှိသည့် အဓိက ၃ နေရာကို ယနေ့ နိုဝင်ဘာ ၂၉ ရက်မှာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။
ယခု လေကြောင်း တိုက်ခိုက်မှုသည် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံ နှင့် ဖေါင်းဆိုင် (Hpawng Seng) ကြားမှာ ဖြစ်ပါသည်။

၁၀၅ မိုင် ကုန်သွယ်ရေးဇုံနှင့် ပန်ဆိုင်း (ကြူကုတ်) ကြား Namtau ကျေးရွာ အနီး Hpa Hu Bum တောင်မှာ မြန်မာပြည်မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု (Northern Alliance-Burma) အဖွဲ့ဝင် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၃၆) နှင့် အစိုးရတပ်ကြား တိုက်ပွဲ နံနက် ၁၀ နာရီကျော်မှာ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲ ပြင်းထန်နေစဉ် နေ့လည် ၁၂ နာရီ ကျော်မှာ ဂျက်တိုက် လေယာဉ် ၂စင်း နှင့် ရဟတ်ယာဉ် ၂စင်းဖြင့် အနည်းဆုံး နှစ်ကြိမ် တလှည့်စီ တိုက်ခိုက်ခဲ့ကြောင်း Namtau ရွာသားများ ကချင် သတင်း ဌာန KNG ကို အတည်ပြု ပြောသည်။

ယခုလို လေကြောင်းမှ တိုက်ခိုက်ပြီးနောက် မကြာမီ အစိုးရ မြေပြင်တပ်များ ထပ်မံတက်လာခြင်းကြောင့် KIA တပ်ရင်း ၃၆ နှင့် ပြင်းထန်စွာ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သည်ဟု ရွာသားများ ဆိုပါသည်။

မုံးကိုမြို့ မရောက်မီ မုန်လုံရွာအနီး ရှိ မဟာမိတ် တပ်ပေါင်းစု မှ ကိုးကန့် MNDAA တပ်ဖွဲ့များကို ဂျက် တိုက်လေယာဉ် ၂ စင်းနှင့် ရဟတ်ယာဉ် ၂ စင်းဖြင့် နံနက်ပိုင်းနှင့် ညနေပိုင်း နှစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ ပြောပါသည်။

သံလွင်မြစ် အနောက်ဘက် ဖေါင်းဆိုင် (Hpawng Seng) ကျေးရွာ အနီးရှိ မဟာမိတ်တပ်မှ KIA တပ်မဟာ (၆) တပ်ဖွဲ့များ ရှိသည့် နေရာကိုလည်း ဂျက် တိုက်လေယာဉ် ၂ စင်းနှင့် ရဟတ်ယာဉ် ၁စင်းဖြင့် အနည်းဆုံး တကြိမ် တိုက်ခိုက်ခဲ့သည်ဟု ဆိုပါသည်။

မုံးကိုမြို့တွင်လည်း အစိုးရတပ်နှင့် ပြည်သူ့လွှတ်တော် ဒု-ဥက္ကဌ ဦး T ခွန်မြတ် ဦးဆောင်သော ကွတ်ခိုင်ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များနှင့် ကိုးကန့် တပ်များကြား အချိန်တို တိုက်ခိုက်မှုများသည် နေ့၊ ည ဖြစ်ပွားနေကြောင်း မြို့ခံများပြောပါသည်။

ရှမ်းပြည် မြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ ၄ ဖွဲ့ (KIA၊ MNDAA၊ TNLA နှင့် AA) တို့ ပါဝင်သော ‘မြန်မာပြည် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု (Northern Alliance-Burma) ကြား နိုဝင်ဘာ ၂၀ မှ တိုက်ပွဲ ဖြစ်ပွားလာသည်။

ယင်းနောက် မဟာမိတ် တပ်ပေါင်းစုမှ အစိုးရ စစ်ကြောင်းများသည် လားရှိုး-မူဆယ်လမ်း နှင့် မူဆယ်-မုံးကိုလမ်း တွင် ဟန့်တား တိုက်ခိုက်မှု နေ့စဉ်လိုလို ပြုလုပ်လာသည်။

Kachinnews
http://burmese.kachinnews.com
အစိုးရ ဂျက်၊ ရဟတ်ယာဉ်များ မဟာမိတ်တပ် ၃ နေရာကို တိုက်ခိုက် အစိုးရ ဂျက်၊ ရဟတ်ယာဉ်များ မဟာမိတ်တပ် ၃ နေရာကို တိုက်ခိုက် Reviewed by THITHTOOLWIN on 22:40 Rating: 5
Powered by Blogger.