အရှည် ကိုးပေ၊ လုံးပတ် ၁၄ လက်မခန့်ရှိ စပါးကြီးမြွေကြီး မြောက်ဥက္ကလာ (ဋ)ရပ်ကွက် သုနန္ဒာလမ်းဘေး ရေကန်ထဲမှတွေ့ ရှိ

မြောက်ဥက္ကလာ (ဋ)ရပ်ကွက် သုနန္ဒာလမ်းဘေးရေကန်ထဲမှ တွေ့သည့်စပါးကြီးမြွေသတ္တဝါသဘာဝ လွတ်လပ်စွာသွားနိုင်သည့် လှော်ကားဥယျာဉ်ဘေးမဲ့တောသို့ လွှတ်မည်
ရန်ကုန် နိုဝင်ဘာ ၂ဝ

ရန်ကုန်အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၏စီစဉ်မှုဖြင့် (ဋ)ရပ်ကွက် သုနန္ဒာလမ်းဘေးရှိ ပြည်သူအများသုံး ရေကန်ကို နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက ကန်အတွင်းပတ်လည်ရှိ မြက်ချုံနွယ်အမှိုက်များကို စနေအထူးသန့်ရှင်းရေးအဖြစ် ခုတ်ထွင်ရှင်းလင်းကြရာ ကန်မြောက်ဘက်ခြမ်းချုံနွယ်ကြား၌ နှစ်ကြာစပါးကြီးမြွေတစ်ကောင် ငြိမ်သက်စွာ ရစ်ခွေနေသည်ကိုတွေ့ရှိသဖြင့် ဖမ်းဆီးပြီး သုနန္ဒာလမ်းပေါ်ရှိ နှစ်ကျိပ်ရှစ်ဆူ ဘုရားဝင်းအတွင်း ရေတိုင်ကီထဲ ခေတ္တထည့်ထားသည်။

ထိုနှစ်ကြာ စပါးကြီးမြွေမှာ အရှည် ကိုးပေ၊ လုံးပတ် ၁၄ လက်မခန့်ရှိပြီး တွေ့ရှိသောနေရာမှ လူခြောက်ဦးနှင့်မ၍ နှစ်ကျိပ်ရှစ်ဆူဘုရားဝင်းအတွင်း သယ်ဆောင်ခဲ့ကြသည်။ ယင်းစပါးကြီးမြွေထားရှိသော ဘုရားဝင်းအတွင်းတစ်ဆင့်စကားတစ်ဆင့်ကြားဖြင့်ပြည်သူများလာရောက်ကြည့်ရှုကြသည်။ ''ဒီရေကန် ပေါင်ပေါ် ကလေးတွေ ကစားကြတယ်။ ရေခပ်ကြတယ်။ တစ်ခါမှ အန္တရာယ်ပေးတယ်လို့ မကြားဖူးပါဘူး''ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

''ဒီစပါးကြီးမြွေကကြီးတော့ နောက်ပိုင်းကလေးတွေအတွက် စိုးရိမ်စရာဖြစ်လို့ သတ္တဝါသဘာဝလွတ်လပ်စွာ သွားလာနိုင်တဲ့ လှော်ကားဥယျာဉ်ဘေးမဲ့တောကို ပို့ဆောင်လွှတ်ပေးမှာဖြစ်ပါတယ်''ဟု (ဋ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသူရထွန်းက ပြောသည်။

(ထွန်းဝင်း)
The Mirror Daily
https://www.facebook.com/TheMirrorDaily/
အရှည် ကိုးပေ၊ လုံးပတ် ၁၄ လက်မခန့်ရှိ စပါးကြီးမြွေကြီး မြောက်ဥက္ကလာ (ဋ)ရပ်ကွက် သုနန္ဒာလမ်းဘေး ရေကန်ထဲမှတွေ့ ရှိ  အရှည် ကိုးပေ၊ လုံးပတ် ၁၄ လက်မခန့်ရှိ စပါးကြီးမြွေကြီး မြောက်ဥက္ကလာ (ဋ)ရပ်ကွက် သုနန္ဒာလမ်းဘေး ရေကန်ထဲမှတွေ့ ရှိ Reviewed by THITHTOOLWIN on 08:05 Rating: 5
Powered by Blogger.