ရခိုင်ပြည်နယ် မင်းပြားမြို့တွင် မာရမာကြီးလူမျိုး အများအပြား ရိုက်နက်ခံရ


နိရဉ္စရာ၊ အောက်တိုဘာ ၃၁

ရခိုင်ပြည်နယ် မင်းပြားမြို့တွင် လူငယ်တစ်ဦးမှ မာရမာကြီး လူမျိုးများကို ပစ်မှတ်ထား၍ ရိုက်နှက်ခဲ့သည့် ဖြစ်စဉ် တစ်ခု အောက်တိုဘာလ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

၎င်းလူငယ်သည် ဈေးထဲရှိ မာရမာကြီး လူမျိုးများကိုသာ ရွေးချယ်ပြီး ချိန်းကြိုးဖြင့် ရိုက်နက်သွားခဲ့သည်ဟု မျက်မြင်များက ပြောဆိုသည်။

ရိုက်နှက်သူမှာ မင်းပြားမြို့ ဦးစောတင့်ရပ်ကွက်မှ ကိုဝိုင်းချေ (ဘ) ဦးအောင်စိန်ထွန်းဖြစ်သည်ဟု အရိုက်ခံရသူ ကိုအောင်နိုင်က ပြောသည်။


ရိုက်နှက်ခံရသူများမှာ မာရမာကြီး လူမျိုးဖြစ်ကြသည့် ကိုအောင်နိုင် (၃၅)နှစ် (ဘ) ဦးမောင်မောင်၊ ကိုနီမောင် (၄၈) နှစ် (ဘ) ဦးနေရန်ဓရော်နှင့် မောင်ဇော်ထူး (၁၈) နှစ် (ဘ)ဦးအောင်စိန် အပြင်နောက်ထပ် လူပေါင်း ၁၀ ကျော်ခန့်လည်း အရိုက်ခံလိုက်ရကြောင်း သိရသည်။

သို့သော်လည်း မင်းပြားမြို့နယ်ရဲစခန်းသို့ ဆက်သွယ်ရာ မှ လူ ၃ ဦးကိုသာ အရိုက်ခံရပြီး ဒဏ်ရာ အနည်းငယ်သာ ရရှိကြောင်း ပြောဆိုသည်။

“အရက်မူးနေတဲ့ ကိုဝိုင်းချေက ဈေးထဲဝင်ပြီး ချိန်းကြိုးနဲ့ ရိုက်နှက်တဲ့အတွက် လူ ၃ ဦး ဦးခေါင်းမှာ ဒဏ်ရာ ရရှိသွားပါတယ်။ သာမန် ဒဏ်ရာလေးတွေပါ။ သူတို့တွေကို ဆေးစာနဲ့ ဆေးရုံပို့ထားပါတယ်။ ဒဏ်ရာရတဲ့သူတွေရဲ့ ဆန္ဒအရ တရားရုံးကို တိုင်တန်းပြီးတော့ အမှုဖွင့်မယ်ဆိုရင် အမှုဖွင့်နိုင်ဖို့ အတွက် အဆင့်သင့် လုပ်ထားပါတယ်”ဟု မင်းပြားရဲစခန်းမှ အမည်မဖေါ်လိုသူ ရဲအရာရှိတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ယခုကဲ့သို့ လူနည်းစု လူမျိုးများ အပေါ် အနိုင်ကျင့် ရိုက်နက်သူအား ရဲတပ်ဖွဲ့ ဖမ်းဆီး အရေးယူခြင်း မရှိသဖြင့် ဆက်လက် မေးမြန်းရာ ဒဏ်ရာရရှိသူ ၃ ဦးမှ ယနေ့အချိန်အထိ အမှုဖွင့်တိုင်ကြားခြင်း မရှိသေးသဖြင့် အရေယူခြင်း မပြုလုပ်ခြင်း ဖြစ်ကြောင်း ရဲအရာရှိက ဆက်လက် ပြောဆိုသည်။

“ရိုက်နှက်ခံရသူတွေက ရဲစခန်းမှာ လာတိုင်တာမဟုတ်ပါဘူး။ ဆေးရုံကိုပဲ ဆေးကုသမှုခံယူဖို့ တိုက်ရိုက် သွားကြတာဖြစ်ပါတယ်။ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ ဆေးစာလိုအပ်လို့ ကျွန်တော်တို့ကို သတင်းပို့တဲ့အတွက် ဆေးစာသွားပေးတာဖြစ်ပါတယ်”ဟု အဆိုပါ ရဲအရာရှိက ထပ်လောင်းပြောကြားသည်။

သို့သော်မာရမာကြီးလူမျိုးများမှာ နောက်ထပ်ပြဿနာ ဖြစ်မည်ကို ကြောက်ရွံ့သဖြင့် ရဲကို ပွင့်ပွင်းလင်းလင်း မတိုင်ရဲခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

နိရဉ္စရာသတင်းဌာနအနေဖြင့် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို သိလို၍ မေးမြန်းရာ ရဲအရာရှိက စခန်းအပြင်ပသို့ ရောက်ရှိနေသူဟုဆို၍ အသေးစိတ်ကို သိခွင့် မရရှိခဲ့ပါ။ နောက်ထပ် အကြိမ်ကြိမ် ဖုန်းဆက်ခဲ့သော်လည်း ယင်းရဲအရာရှိက ဖုန်းကို လက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

(ရိုက်နက်ခံသူများအား တွေ့ရစဉ်/ ဓာတ်ပုံ - ကောင်းမြတ်နိုင်)
စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
ရခိုင်ပြည်နယ် မင်းပြားမြို့တွင် မာရမာကြီးလူမျိုး အများအပြား ရိုက်နက်ခံရ ရခိုင်ပြည်နယ် မင်းပြားမြို့တွင် မာရမာကြီးလူမျိုး အများအပြား ရိုက်နက်ခံရ Reviewed by THITHTOOLWIN on 08:48 Rating: 5
Powered by Blogger.