လစ်လပ်နေသည့် ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူး နေရာတွင် ခရိုင်မှ လက်ထောက်ညွှန်မှူးအား ယာယီခန့်အပ်ထား


မန္တလေး၊ နိုဝင်ဘာ ၂။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မှ အုပ်ချုပ်ရေးမှူးအား အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ခံထားရသည့်အတွက် အုပ်ချုပ်ရေး ကိစ္စရပ်များ ဆောင်ရွက်သည့်နေရာတွင် လစ်လပ်လျှက်ရှိရာ ယင်းနေရာအတွက် ပြင်ဦးလွင်ခရိုင် အထွေအထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးအား ယာယီခန့်အပ်ထားကြောင်း မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ သိရသည် ။

ယင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးတင်နိုင်စိုး ၊ ဒုတိယဦးစီးမှူး ဦးကျော်ကျော်နိုင် တို့ကို နိုဝင်ဘာလ (၈) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်ပြီး ၄င်းတို့နှင့်အတူ အဂတိလိုက်စားမှုကြောင့် တရားစွဲခံထားရသည့် အကြီးတန်းစာရေး ဦးအောင်စိုးမိုးအား ပြင်ဦးလွင်မြို့နယ် တရားရုံးတွင်ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

"မြို့နယ်အတွက် အုပ်ချုပ်ရေးမှူး ပြန်လည်ခန့်အပ်မှုကိုတော့ ရုံးချုပ်ကနေ လုပ်သွားမှာပါ။ ခုတော့ လစ်လပ်အဖြစ်နဲ့ မထားပဲနဲ့ ခရိုင်က လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာလင်းကို ယာယီခန့်အပ်ပြီး တာဝန်ပေးထားပါတယ်"ဟု မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်စိုးနိုင်သည် မန်ကျည်းအင်းကျေးရွာသစ် ပြည်ထဲရေးအမည်ပေါက် ရွာမြေတိုးချဲ့သတ်မှတ်ပေးရန် ကိစ္စနှင့်ပက်သက်ပြီး ယင်းကျေးရွာနေ ဒေသခံများထံမှ လက်ဆောင်ယူခြင်း နှင့် ငွေကျပ် ၅ သိန်းကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့၌လည်းကောင်း ပုဆိုး နှင့် အင်္ကျီအပါအဝင် ငွေကျပ် သိန်း ၃၀ ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့၌ လည်းကောင်း ၊၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ငွေကျပ် သိန်း ၁၀၀ ကိုလည်းကောင်း အလီလီလက်ခံရယူခဲ့ကြောင်း သိရသည်။

ဒုတိယဦးစီးမှူး ဦးကျော်ကျော်နိုင်သည်လည်း ယင်းကျေးရွာကိစ္စနှင့်ပက်သက်၍ ၂၀၁၅ ခုနှစ် မေလအတွင်း က ကမ္ဘာအောင်မြေကုမ္ပဏီပိုင်ရှင်ထံ မှ ငွေကျပ်သိန်း ၅၀ တစ်ကြိမ် ၊ သိန်း ၄၀ တစ်ကြိမ်နှင့် ၃၅ သိန်း တစ်ကြိမ် လက်ခံရယူထားကြောင်း သိရသည်။

ထို့အပြင် ပြင်ဦးလွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မှ အကြီးတန်းစာရေး ဦးအောင်စိုးမိုးသည်လည်း မန်ကျည်းအင်းကျေးရွာဒေသခံအချို့ထံမှ ၎င်း၏သမီးကို အပ်ချုပ်ဆိုင်ဖွင့်ပေးနိုင်ရန်အတွက် ၂၀၁၆ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ငွေကျပ် ၁၀ သိန်းတောင်းယူခြင်း ၊ ၂၀၁၆ ခုနှစ် မတ်လ ၆ ရက်နေ့က မြို့နယ်စီမံခန့်ခွဲရေးနှင့် မြေစာရင်းအဖွဲ့များကို ပေးရန်ဟုဆိုကာ ၃၅ သိန်း တောင်းယူခြင်း ၊ ၂၀၁၆ ဧပြီလအတွင်းက မြေပုံရေးဆွဲသည့်အဖွဲ့ကို ဧည့်ခံရန်အတွက်ဟုဆိုကာ (၃) သိန်းတောင်းယူခြင်း စသည်တို့ကို ကျူးလွန်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းသို့ လုပ်ပိုင်ခွင့်အာဏာ တလွဲအသုံးပြု၍ အဂတိလိုက်စားခြင်းနှင့် ပတ်သတ်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးအား (ပ)၂၂၀/၂၀၁၆၊ ၂၀၁၃ ခုနှစ် အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆၊ (ပ)၂၁၉/၂၀၁၆၊ ပုဒ်မ ၅၆ ဖြင့်လည်းကောင်း၊ ဦးကျော်ကျော်နိုင်အား (ပ)၂၂၂/၂၀၁၆၊ အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့်လည်းကောင်း၊ ဦးအောင်စိုးမိုးအား (ပ)၂၂၄/၂၀၁၆၊ အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၇၊ (ပ)၂၂၃/၂၀၁၆၊ ပုဒ်မ ၅၇ ဖြင့်လည်းကောင်းအမှုဖွင့် အရေးယူထားကြောင်း သိရသည်။

နိုင်လင်းဦး
Central News Myanmar
https://www.facebook.com/CNMyanmar
လစ်လပ်နေသည့် ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူး နေရာတွင် ခရိုင်မှ လက်ထောက်ညွှန်မှူးအား ယာယီခန့်အပ်ထား လစ်လပ်နေသည့် ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူး နေရာတွင် ခရိုင်မှ လက်ထောက်ညွှန်မှူးအား ယာယီခန့်အပ်ထား Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.